Pages

Thursday, June 11, 2015

တောင်ငူတွင် ဖိုက်ဘာဆက်ကြောင်း တပ်ဆင်ဖို့ မြေတူးရာမှ မီးခိုးတွေ ထွက်လာတာကြောင့် လုပ်ငန်းရပ်ဆိုင်း

RangonNewsDaily:: June . 10 .2015
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကရင်ချောင်းကျေးရွာမှ ဦးစိုးနိုင်ရဲ့ အိမ်ရှေ့မှာ ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်းတွေ တပ်ဆင်ဖို့ မြေတူးဖော်စဉ် ဒီနေ့ (ဇွန်လ ၁၀ ရက်နေ့) နံနက် ၁၁ နာရီလောက်က အဲ့ဒီမြေထဲမှ မီးခိုးနဲ့ ယမ်းငွေ့တွေ ထွက်ပေါ်လာတာကြောင့် လုပ်ငန်းခွင် ရပ်ဆိုင်းခဲ့ရတယ်လို့ တယ်လီနော ဆက်သွယ်ရေးအရာရှိ စောတာဒုဒေးက ဆိုပါတယ်။
“ပေါက်တူးနဲ့ ထိလိုက်တိုင်း မြေကြီးထဲက မီးခိုးနဲ့ ယမ်းငွေ့တွေ ထွက်လာလို့ လုပ်ငန်းခွင် ရပ်ဆိုင်းထားပြီး တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တယ်။ လုပ်ငန်းခွင်အန္တရာယ် ရှိနေတဲ့အပြင် မတော်တဆ ဗုံးဆန်လိုအရာမျိုး ရှိနေမှာ စိုးရိမ်လို့ပါ။ ကျန်တဲ့နေရာ တွေမှာတော့ ဆက်လုပ်နေပါတယ်” လို့ သူက ဆိုပါတယ်။

မိုးကောင်းကျေးရွာအုပ်စု ကရင်ချောင်းကျေးရွာ အိမ်အမှတ် ၂၃/၁၃၊ ဦးစိုးနိုင်ရဲ့ အိမ်ရှေ့ ရေမြောင်းအတွင်းမှာ တယ်လီနောက ငှားရမ်းထားတဲ့ မြေတူးလုပ်သားတွေက ဖိုက်ဘာဆက်ကြောင်းတွေ ချဖို့ မြေတူးဖော်နေချိန်မှာ မီးခိုးငွေ့နဲ့ ယမ်းနံ့တွေ ထွက်ပေါ်လာပြီး အဲ့ဒီမြေတွေကို လက်နဲ့ပွတ်ချေလိုက်ရင် မီးခိုးငွေ့အသွင် ပြောင်းကာ ညှော်နံ့တွေလည်း ရတယ်လို့ တောင်ငူမြို့ အမှတ် ၃ နယ်မြေ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


“နယ်မြေခံတပ်ရင်း တစ်ခုကို အကြောင်း ကြားထားပါပြီ။ ကျွမ်းကျင်သူတွေ စစ်ဆေးပြီးမှပဲ အကြောင်းရင်းအမှန် သိရပါလိမ့်မယ်။ လတ်တလော အဲ့ဒီနေရာမှာ လုပ်ငန်း ရပ်ဆိုင်းခိုင်းထားပြီး သဲအိတ်တွေ ချထားတယ်” လို့ သူက ဆိုပါတယ်။


အဲ့ဒီ ကရင်ချောင်းကျေးရွာဟာ တောင်ငူ-လိပ်သို-ယာဒို လမ်းပေါ်မှာ ရှိပြီး ရေပူစမ်းတချို့ ရှိနေတာကြောင့် အခု တွေ့မြင်ရတဲ့ မီးခိုးနဲ့ ယမ်းငွေများတဲ့ ကန့်ဓာတ်ရှိနေတာ ဖြစ်နိုင်တဲ့အပြင် ဒုတ္တာနဲ့ ယမ်းစိမ်းထွက်ရှိတဲ့မြေ ဆိုရင်လည်း အခုလို ဖြစ်တတ်တယ်လို့ တောင်ငူမြို့ခံတစ်ဦး ဖြစ်တဲ့ ဦးဝင်းညွန့်က ဆိုပါတယ်။
The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment