Pages

Thursday, June 11, 2015

ငလျင်လှုပ်ပါက အဓိကအန္တရာယ်ရှိနိုင်သည့် ရန်ကုန်မှ မြို့နယ် ၈ ခု မြေတိုင်းတာမှုများ ဆောင်ရွက်နေ

RangonNewsDaily:: June . 10 .2015
ငလျင်လှုပ်ပါက အဓိကအန္တရာယ်ရှိနိုင်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ် (၈)မြို့နယ်ကို မြေတိုင်းတာမှုများ စတင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း မြို့တော်ဝန်ဦးလှမြင့်က ပြောဆိုလိုက်သည်။
အဆိုပါ (၈)မြို့နယ်မှာ ရန်ကုန်မြို့တွင်း ၆ မြို့နယ်နှင့် အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် တို့ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အဆောက်အဦးဆောက်လုပ်ပါက ခံနိုင်ဝန်ဖြစ်သည့် မြေအရည်အသွေးကို တိုင်းတာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းအားမြှင့် ငလျင်ကြီးများ လှုပ်ခတ်လာပါက ပျက်စီးမှုဘေးအန္တရာယ်များ လျော့နည်းစေရန်အတွက် တိုင်းအစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း ရှိ၊ မရှိ မေးခွန်းကို ဇွန်လ(၈)ရက်တွင် ပြုလုပ်သည့် ပထမ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့တွင်) ဦးလှမြင့်က ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
::
“ငလျင်လှုပ်ခတ်လာရင် အပျက်အစီးနဲ့ အဆုံးအရှုံးတွေနည်းပါးစေဖို့ ရန်ကုန်တိုင်း ဝန်ကြီးချူပ်ပါဝင်တဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းပြီး စီမံချက်တွေ ရေးဆွဲထားပါတယ်။”ဟု ဦးလှမြင့်က ပြန်လည်ဖြေကြားသည်။
လက်ရှိတွင်လည်း ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ မြို့ရွာ အဆင့် အလုပ် အမှုဆောင်ကော်မတီ၊ ဘူမိဗေဒ ပညာရှင်များဖြင့် ပူးပေါင်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
::
“မြန်မာနိုင်ငံမှာ ငလျင်ကြောတွေရှိတာကြောင့် ဖြစ်ပေါ်လာရင် ရန်ကုန်က တိုက်အမြင့်တွေအတွက် အန္တရာယ် ရှိစေလို့ ပြည်သူတွေ စိုးရိမ်တဲ့အတွက် မေးမြန်းရခြင်းဖြစ်ပါတယ်။” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းကျော်က ဆိုသည်။
ပဲခူးငလျင်ကြောမှာ နှစ်ပေါင်း ၁၀၀ အတွင်းပြန်လည် လှုပ်ခတ်နိုင်သည့်အပြင် လက်ရှိတွင် ယင်းငလျင် ကြောမှာ ၈၅ နှစ်ရှိနေပြီဖြစ်ကာ ၂၀၁၂ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ပဲခူးတိုင်းငလျင်တွင် ပဲခူးဒေသခံ ၃၀၀ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
::
ပဲခူးငလျင်ကြောမှာ စစ်ကိုင်း၊ မိုးကောင်း၊ ထီးချိုင့်၊ ဝမ်းတွင်းစသည့်ဒေသများကို ဖြတ်ကာ ကပ္ပလီ ပင်လယ်ပြင် သို့ ဖြတ်သန်းသွားသည့် ငလျင်ကြောတစ်ခုဖြစ်ကြောင်း သိရသည်။ 
(မြစ်မခ) ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment