Pages

Wednesday, June 24, 2015

ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့် အစ်ဖ်သာရ်ညစာစားပွဲကို အိမ်ဖြူတော်တွင်ပြုလုပ်


RangonNewsDaily:: June . 23 .2015
- မည်သည့် ဘာသာတရား သို့မဟုတ် မည်သည့်လူမျိုးစုကိုမဆို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ဆန့်ကျင်ရာတွင် မိမိတို့ အမေရိကန်အားလုံးမှာ အတူတကွ ရပ်တည်ကြသည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိမ်ဖြူတော်တွင် ဇွန်လ ၂၂ ရက် ညပိုင်းက ပြုလုပ်ခဲ့သော အစ်ဖ်သာရ်(၀ါဖြေ) ညစာစားပွဲတွင် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုက ဘာပဲဖြစ်နေပါစေ။ ကျွန်တော်တို့အားလုံးဟာ မိသားစု တစ်ခုပါပဲ” ဟု အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ဥပုသ်ထွက်ချိန် ပြုလုပ်ခဲ့သော အဆိုပါ ညစာစားပွဲ၌ အိုဘားမားက ပြောကြားခဲ့သည်။
အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲကို စုစုပေါင်း လူ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး၊ သံတမန်အသိုင်းအ၀ိုင်းမှ ၄၀ ခန့်နှင့် အမေရိကန်လွှတ်တော်အမတ် အနည်းငယ်လည်း တက်ရောက်ခဲ့ကြသည်။
အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လဖြစ်ပြီး အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင်တိုင်း ဥပုသ်သီလဆောက်တည်ရန် သတ်မှတ်ထားသည့် ရမ်ဇာန်ဥပုသ်လမှာ တစ်လတာ ကြာမြင့်မည်ဖြစ်ပြီး အီဒွလ်ဖိသီရ်ပွဲတော်ဖြင့် အဆုံးသတ်မည်ဖြစ်သည်။
::
“ဒီအချိန်ဟာ နာမ်ပိုင်းဆိုင်ရာ ပြန်လည်ဆန်းသစ်ဖို့ အချိန်ပါပဲ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမဖို့၊ ကံမကောင်း အကြောင်းမလှသူတွေကို မြှင့်တင်ပေးဖို့ တစ်ယောက်ချင်းဆီမှာ ရှိနေတဲ့တာဝန်တွေအတွက် ကျွန်တော်တို့တွေကို အသိပေးတဲ့ အချိန်လည်း ဖြစ်ပါတယ်” ဟု အိုဘားမားက ရမ်ဇာန်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့ပြင် အိုဘားမားမှာ ပုဝါဆောင်းခွင့် အခွင့်အရေးကို ကာကွယ်ရန် တရားရုံးချုပ်အထိတက်ခဲ့သော အမေရိကန်မွတ်စလင်အမျိုးသမီးငယ် စမန်သာ အီလာအွဖ်အပါအ၀င် ညစာစားပွဲသို့ တက်ရောက်လာကြသည့် မွတ်စလင်လူငယ်များကိုလည်း ဂုဏ်ပြု ပြောကြားခဲ့သည်။



စမန်သာမှာ ၂၀၀၈ ခုနှစ် သူမအသက် ၁၇ နှစ်အရွယ်က အလုပ်သွားလျှောက်ရာတွင် အင်တာဗျူး၌ ဟိဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်ခန့်အပ်ရန် ငြင်းပယ်ခံခဲ့ရသူ ဖြစ်သည်။
“ဟိဂျဘ်ဝတ်ဆင်ခွင့်ကို ကာကွယ်ဖို့ - လူတိုင်းရသလို တူညီတဲ့အခွင့်အရေးရဖို့ သူမဟာ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ တရားရုံးချုပ်ကို တောက်လျှောက် တက်ခဲ့ပါတယ်။ ဒါမျိုး သူ့အရွယ်မှာ ကျွန်တော် မလုပ်ခဲ့ပါဘူး။ (တရားရုံးမှာလည်း) သူနိုင်ခဲ့ပါတယ်” ဟု အိုဘားမားက 
ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးလ်တွင် အသတ်ခံခဲ့ရသည့် မွတ်စလင်လူငယ် ၃ ဦးနှင့် ပြီးခဲ့သည့် တစ်ပတ်က တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်ရှိ လူမည် ခရစ်ယာန်ဘုရားကျောင်းတွင် အသတ်ခံခဲ့ရသည့် 
လူ ၉ ဦးတို့နှင့် ပတ်သက်၍လည်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့သည်။
::
“ဘယ်သူဘယ်ဝါဖြစ်တဲ့အတွက်ကြောင့်၊ ဘယ်လိုပုံပန်းသွင်ပြင် ရှိတဲ့အတွက်ကြောင့်၊ ဘယ်သူ့ကို ချစ်တယ်ဆိုတဲ့အတွက်ကြောင့်၊ ဘယ်လို ၀တ်ပြုကိုးကွယ်လဲဆိုတဲ့အတွက်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ပစ်မှတ်ထားမခံရသင့်ဘူးလို့ အမေရိကန်တွေဖြစ်တဲ့ ကျွန်တော်တို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ အမုန်တရားပြည့်နေတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ အတူတကွ 
ဆန့်ကျင်ပါတယ်”
အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝေေ၀နုလည်း ဖိတ်ကြားခံခဲ့ရပြီး ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
Ref: Todayonline, Washingtonpost
M-Media ::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment