Pages

Sunday, May 31, 2015

ညသန်းခေါင် သွားလာခြင်းမပြုရန် ကော့သောင်းတွင် ကန့်သတ်နယ်မြေ ခုနစ်နေရာ ထုတ်ပြန်

ကော့သောင်း၊RangonNewsDaily:: May . 31 .2015
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် ညဥ့်နက်သန်းခေါင် သွားလာခြင်းနှင့် မှောင်ရိပ်ခိုခြင်း မပြုလုပ်ရန် ကန့်သတ်တားမြစ်နေရာ ခုနစ်ခုကို မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ကော့သောင်းမြို့နယ် ဘုရင့်နောင်ကုန်း၊ ဘုရင့်နောင် အငူပတ်လမ်း၊ ပန်းခြံ၊ ၅၅၅ တောင်၊ ၃ မိုင်၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်နှင့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့တွင် ည ၁၁ နာရီထက် ကျော်လွန်ပြီး အကြောင်းမဲ့ နေထိုင်သွားလာခြင်း၊ မှောင်ရိပ်ခိုခြင်းများ မပြုလုပ်ရဟူ၍ တားမြစ်အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရပ်ကွက်ကျေးရွာတွင် နေထိုင်သော ပြည်သူများ လုံခြုံစေရေးအတွက် မှုခင်းဖြစ်ပွားမှုများ လျော့ကျသွားစေရန်နှင့် ညဘက်အချိန်အခါမဟုတ် အကြောင်းမဲ့ သွားလာနေသူများ မရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုကန့်သတ်ထားတဲ့ နေရာတွေက ညအချိန်ဆို လူငယ်အတော်များများ မှောင်ရိပ်ခိုပြီး မှုခင်းတစ်ခုမဟုတ် တစ်ခု ဖြစ်နေတဲ့ နေရာတွေပါ။ ဒီလိုနေရာမျိုးတွေကို ညအချိန် ဖြတ်သန်းသွားလာခွင့် မပြုတာ ကောင်းတယ်” ဟု ကော့သောင်းဒေသခံတစ်ဦး ဖြစ်သည့် ဦးသန်းဝင်းက ပြောကြားသည်။
ထုတ်ပြန်ကြေညာထားသည့် တားမြစ်ချက်များတွင် ည ၁၁ နာရီထက် ကျော်လွန်ပြီး အရက်ဘီယာ ရောင်းချခြင်း၊ KTV အခန်းများ လုပ်ကိုင်ခြင်း၊ တီဗီဂိမ်းဆိုင်များ ဖွင့်လှစ်ခြင်း၊ အမျိုးသမီးငယ်များဖြင့် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်ခြင်းနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းများကို ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရန်လည်း ပါဝင်သည်။

ထို့အပြင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခွင့်ပြုချက်မရှိဘဲ ရေယာဉ်များ ဝင်/ထွက်ခြင်း မပြုရန်လည်း ပါဝင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကော့သောင်းမြို့အနီး သူဌေးကျွန်းနှင့် ရတနာကျွန်းများမှ ဝန်ထမ်းများမှာ ညဘက်တွင် အချိန်ပိုင်း အလုပ်ပြန်သူများ ရှိသည့်အတွက် ဝန်ထမ်းကြိုပို့ယာဉ်များ အနေနှင့် သက်ဆိုင်ရာ စစ်ဆေးရေး စခန်းများတွင် မပျက်မကွက် အကြောင်းကြားပေးပြီးမှ ဝင်ထွက်သွားလာရန် လိုအပ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ဆိုသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့်လများက မှုခင်းနှင့် လူသတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး ယခုတားမြစ်ချက်များအပေါ် လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ပါက တည်ဆဲဥပဒေ ပုဒ်မ (၁၈၈) အရ အရေးယူခံရမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
(Dawei Watch) , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment