Pages

Monday, February 16, 2015

ချင်းတွင်းမြစ်အတွင်း မုံရွာ-ညောင်ပင်ကြီးကူးသည့် စက်လှေမှောက်၊ ခုနစ်ဦးသေ


RangonNewsDaily:: February . 15 .2015
မုံရွာဆိပ်ကမ်းမှ ညောင်ပင်ကြီး ဆိပ်ကမ်းသို့ ကူးသည့် စက်လှေတစ်စင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီခန့်က ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သောကြောင့် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ညောင်ပင်ကြီး ဆိပ်ကမ်း၌ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
တိမ်းမှောက်ခဲ့သည့် စက်လှေပေါ်၌ ပါဝင်သူအများစုမှာ မုံရွာမြို့ပေါ်ရှိ သီးနှံပွဲရုံများတွင် အလုပ်လုပ်ကိုင်ကြသည့် ပွဲရုံလုပ်သားများ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“စက်လှေဆရာကို အရှိန်လျှော့မောင်းဖို့ ပြောနေတုန်း လှေဦးက ရေထဲကို ထိုးစိုက်သွားတာ။ ဘာမှလုပ်ချိန်မရလိုက်ဘူး။ မှောင်ကလည်း မှောင်နေပြီ။ တစ်ယောက်တစ်ကွဲစီ ကူးကြတာ။ ကျွန်တော်လည်း ကမ်းရောက်အောင် ကူးပြီး ကယ်ကြပါဦးလို့ အော်ရတယ်။ ခဏနေတော့ ကူညီမယ့်သူတွေ ရောက်လာတယ်” ဟု တိမ်းမှောက်ခဲ့သည့် စက်လှေနှင့်အတူ လိုက်ပါခဲ့သည့် ဆန်ပွဲရုံမှ လုပ်သား ဦးဖိုးပြားက ပြောကြားသည်။
::
တိမ်းမှောက်ခဲ့သည့် စက်လှေပေါ်၌ လုပ်ငန်းခွင်မှ ပြန်လာသည့် ပွဲရုံလုပ်သား ၂၅ ဦးခန့် ပါဝင်ကြောင်း၊ အခင်းဖြစ်ပွားချိန်သည် ညပိုင်းဖြစ်၍ ကယ်ဆယ်ရှာဖွေရန် အခက်အခဲ ဖြစ်ရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်အထိ ပျောက်ဆုံးသူများကို ရှာဖွေခဲ့ရကြောင်း ၎င်းကဆိုသည်။
::
စက်လှေတိမ်းမှောက်မှုကြောင့် ဆားလင်းကြီးမြို့နယ် အမှတ် (၂) ရက်ကွက်မှ ပွဲရုံလုပ်သားငါးဦး၊ အောင်ချမ်းစီကျေးရွာနှင့် မယ်ဇလီကျေးရွာတို့မှ လုပ်သားနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း၊ ဆားလင်းကြီးမြို့ပေါ်မှ သေဆုံးခဲ့သူ ငါးဦးအနက် မိသားစုတစ်ခုတည်းမှ သုံးဦး ပါဝင်သည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လာရောက်ကြည့်ရှုသည့် မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။
::
ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းများကို လူမှုကူညီရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် ဆားလင်းကြီးမြို့နယ် ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုများ ပြုလုပ်ပြီး မိသားစုဝင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အရာရှိတစ်ဦးက ပြောကြားသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment