Pages

Friday, February 6, 2015

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ငြိမ်းချမ်းရေးမြတ်နိုးသူများဦးဆောင်၍ ပြည်ထောင်စုငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုပြုလုပ်မည်


RangonNewsDaily:: February . 6 .2015
ပင်လုံညီလာခံကျင်းပခဲ့သော ဖေဖော်ဝါရီလအား ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်သက်သေထား၍ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းနှင့် ကျိုက္ကဆံ ဟစ်တိုင်ကွင်းတို့၌ ငြိမ်းချမ်း ရေး မြတ်နိုးသူများဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ 
အဆိုပါ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုအား ထိုနေ့ နေ့လည် ၃ နာရီမှ ၆ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နေ့လည် ၂နာရီမှစတင်ကာ ဗိုလ်စိန်မှန်ကွင်း၌ စုရပ်အဖြစ်သတ်မှတ်ကာ ၂ နာရီခွဲတွင် ဟစ်တိုင်ကွင်းသို့ စတင် ချီတက်မည် ဖြစ်ကြောင်းသိရှိရသည်။ ထိုမှတစ်ဆင့် ဟစ်တိုင်ကွင်းတွင်နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း၊ တိုင်းရင်းသားများမှ ငြိမ်းချမ်းရေးတောင်းဆိုချက်များတောင်းဆိုခြင်း၊ ကော်မတီဝင် တစ်ဦးမှ နိဂုံးချုပ်စကားပြောကြားခြင်း၊ ရှေ့ဆက်ပြုလုပ်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား ခြင်းနှင့် ကြွေးကြော်သံများသံပြိုင်ကြွေးကြော်ကြမည့် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို အခမ်းအနား ကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလိုလုပ်တာဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး၊ အဖြူထည်သက်သက်လုပ်တာ၊ ဘာအရောင်မှ မပါပါဘူး။ ဘယ်အဖွဲ့အစည်းရဲ့နှောင်ကြိုးမှမပါဘူး။ အမိမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ တစ်ခုတည်း အတွက် ကိုယ်တတ် နိုင်တဲ့ဘက်ကနေ တတ်နိုင်သမျှဆောင်ရွက်တာပါ။ 

ဒီကနေ့နိုင်ငံရေးစနစ်က အများကြီးပြောင်းလဲနေပြီ။ သမ္မတကြီး နဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လက်ကမ်းကြိုဆိုနေတယ်။ ဒီလို အချိန်မှာ ရင်နာစရာတွေ ဖြစ်ရပ်တွေ မတွေ့စေလိုတဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြည်တွင်း ငြိမ်းချမ်းရေးကိုတောင်းဆိုသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါ့ကြောင့် ဒီလှုပ်ရှားမှုကို ကျွန်တော်တို့စတင်ခဲ့တာ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးမြတ်နိုးသူများ အဖွဲ့မှတိုင်းရင်းသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့နိုင်ငံတော်ကြီး မှာအဓိကလိုအပ်နေတာ ပြည်တွင်းငြိမ်းချမ်းရေးပါ။ လက်ရှိ နိုင်ငံရေးပါတီတွေ သူတို့ ဘာသာရွေးကောက်ပွဲကိစ္စတွေလုပ်ကြပါ။ ဒါကိုကျွန်တော်တို့စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ စိတ်ဝင်စားတာက ငြိမ်းချမ်းရေး ရသွားမယ် ဆိုရင် ပြည်သူတွေ ဘယ်လောက် ပျော်ကြမလဲ၊ ဘယ်လောက် မင်္ဂလာရှိကြမလဲ။ 

ဒါကို တွေးပြီး ဒီလှုပ်ရှားမှုတွေကို လုပ်ဖို့စတင်ခဲ့တာပါ။ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း၊ ငြိမ်းချမ်းရေးကို လိုချင်သူတိုင်း၊ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းတာကို မြင်ချင်တဲ့သူတိုင်း ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့ လေးလေးစားစား ဖိတ်ခေါ် ပါတယ်။ ငြိမ်းချမ်းရေးကို ပြည်သူတွေ ဘယ်လောက်တောင့်တနေသလဲ၊ ဘယ်လောက် မျှော်လင့်နေသလဲ ဆိုတာကို ပြသကြဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်” ဟု ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုတွင်ပါဝင်မည့် တိုင်းရင်းသား လူငယ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလအားငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သက်သေထား၍ ငြိမ်းချမ်းရေးလှုပ်ရှားမှုများပြုလုပ်ရာတွင် လူထု ဆန္ဒဖော်ထုတ်ပွဲများ၊ ဂီတလှုပ်ရှားမှုများ၊ နယ်လှည့်ဟောပြောမှုများ၊ လူထု လက်မှတ်ရေးထိုးတောင်းဆိုမှုများ စသည် အားဖြင့် ဘက်စုံလှုပ်ရှားမှုအသွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိသဘောဆန္ဒအလျောက် ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆောင်ရွက်လိုသော ပြည်သူများအား ပရဟိတအဖွဲ့များက တတ်နိုင်သမျှ ၀ိုင်းဝန်းပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Photo-ငြိမ်းချမ်းရေး မြတ်နိုးသူများ
သက်တင် , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment