Pages

Monday, January 12, 2015

တောင်ငူမြို့မဈေး ခေါင်မိုးပေါ်တွင် လက်ပစ်ဗုံးဟောင်း တစ်လုံးတွေ့ရှိ


RangonNewsDaily:: January . 12 .2015
တောင်ငူမြို့ မြို့မဈေးတွင် ရွှေဆိုင် ခေါင်းမိုးပေါ်တွင် ၉၁ လက်ပစ်ဗုံး အဟောင်းတစ်လုံးကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် တွေ့ရှိခဲ့သည်ဟု တောင်ငူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုနယ်၊ မြို့မဈေး ရုံအမှတ် ၁၅ ၊ ဆိုင်ခန်းအမှတ် ၁၃၆၊ ခိုင်သစ္စာ ရွှေဆိုင်တွင် ခေါင်မိုးသွပ်လဲရန် ဈေးတာဝန်ခံ ဦးနိုင်ဝင်း၊ ဦးစိုးမင်းနှင့် ဦးစိုးမင်းနိုင်တို့ ခေါင်းမိုးပေါ်သို့ တက်ရောက်စဉ် သံချေးတက်နေသော အဆိုပါလက်ပစ်ဗုံး အဟောင်းတစ်လုံး ကို တွေ့ခဲ့ရခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လက်ပစ်ဗုံးတွေ့ရှိခြင်းကြောင့် တောင်ငူရဲစခန်းမှ ခေတ္တမြို့နယ်မှူး ဒုရဲမှူး စောသန်းလွင်၊ အမှတ် ၂ စခန်းမှူး ရဲအုပ်အေးဇော်နှင့် တာဝန်မှူး ဒု-ရဲအုပ်ကျော်သူရအဖွဲ့တို့ သွားရောက် ရှင်းလင်းခဲ့ပြီး အဆိုပါ လက်ပစ်ဗုံးကို အမှတ် ၉၁၁၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းကို လွှဲပြောင်း ပေးအပ်လိုက်သည်ဟု ၎င်းက ဆိုသည်။

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး တောင်ငူမြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးဆွေက ''လက်ပစ်ဗုံး တစ်လုံးရဲ့ ဖွဲ့စည်းပုံ အပြည့်အစုံ ပါတယ်။ ပင်မဖြုတ်ရသေးဘူး။ ခေါင်မိုးပေါ် ရောက်လာတော့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဈေးအဆောက်အဦးက တော်တော်မြင့် တယ်။ ဈေးရုံရဲ့ ဝင်ပေါက် ၄ နဲ့ ၅ အကြားက တစ်စက်မြိတ်မိုးယိုလို့ တက်ပြင်ကြတာ အဲဒီချိန်မှာ တွေ့တာ။ လူတစ်ဦးတစ်ယောက် ပစ်မတင်ဘဲ နဲ့ ဘယ်လိုမှ မရောက်ဘူး။ တစ်ဦးတစ်ယောက်ရဲ့ပယောဂ၊ ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ရဲ့ ပယောဂကြောင့် ရောက်နေတယ် လို့ မြင်တယ်''ဟု ပြောသည်။

အဆိုပါ တောင်ငူမြို့မဈေးသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး နှစ်ကြိမ်တိုင် မီးလောင်မှု ဖြစ်ပွားခဲ့ဖူးသည်။ ထိုဈေးကို ဈေး အသစ်ပြန်လည် တည်ဆောက်လိုသူများလည်း ရှိသကဲ့သို့ လက်ရှိ ဈေးတွင် ဈေးရောင်းနေသူများကလည်း ဈေးသည် အရည်အသွေး အကောင်းပကတိ အတိုင်းရှိနေခြင်းကြောင့် ပြန်လည်တည်ဆောက်လိုခြင်း မရှိသူများလည်း ရှိနေသည့်အတွက် ကန့်ကွက်မှုများလည်း ရှိသည်ဟု ဦးဆွေက ဆိုသည်။

(ဓါတ်ပုံ - တောင်ငူ၊ သူရ)
မဇ္ဈိမ , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment