Pages

Tuesday, December 9, 2014

တာဖောင်ဆောင်ကနေ တပ်မတော် တပ်ရင်း ခြောက်ရင်း ပြန်ဆုတ်

RangonNewsDaily:: December . 9 .2014
အစိုးရတပ်တွေ ဝင်ရောက် သိမ်းဆည်းထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA တပ်စခန်း အချို့ တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း တာဖောင်ဆောင်ဒေသကနေ တပ်မတော် တပ်ရင်း ခြောက်ရင်း ပြန်လည် ဆုတ်ခွာသွားပါပြီ။ ဘာကြောင့် အခုလို ဆုတ်ခွာရတာပါလဲ။
နှစ်ဘက်ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ SSPP/ SSA တို့ တွေ့ဆုံမှုအပြီးမှာ အခုလို ဆုတ်ခွာသွားတာလို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဦးစပ်ခွန်ဆိုင်းက ပြောပါတယ်။
အောက်တိုဘာ လဆန်းပိုင်းက အစိုးရနဲ့ နှစ်ဘက်ထိတွေမှုတွေ ဖြစ်ပွားခဲ့ရာကနေ SSPP/SSA တပ်စခန်း တချို့တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း တာဖောင်ဆောင်ဒေသကို အစိုးရတပ်တွေ ဝင်ရောက် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ သူက အခုလို ပြောဆိုတာပါ။


“အခုဒီမှာ တပ်ရင်းတစ်ခုလောက်ပဲ ရှိတော့တယ်။ ကျန်တာတွေကတော့ ပြန်ဆုတ်သွားပြီလို့ သိရပါတယ်။ ထိတွေမှုတွေ ထပ်မဖြစ်ပါဘူး" လို့ ဦးစပ်ခွန်ဆိုင်းက ဆိုပါတယ်။


တာဖာဆောင် တံတားအနီးဟာ SSPP/SSA နယ်မြေလို့ သတ်မှတ်ထားတာ မရှိတာကြောင့် အောက်တိုဘာလ ၂ရက်နေ့က အရှေ့အလယ်ပိုင်း စစ်ဋ္ဌာနချုပ်နယ် မြေအတွင်း စစ်ဆင်ရေးတာဝန် လဲလှယ်တဲ့ တပ်မတော် စစ်ကြောင်း သွားလာတာကို SSPP/SSA က စတင်ခဲ့တာဖြစ်ပြီး အရာရှိတစ်ဦး အပါအဝင် တပ်မတော်သား ငါးဦးကျဆုံးခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။


အဲဒီနောက် အစိုးရ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအရှိန် မြှင့်တင်လာတာကြောင့် အောက်တိုဘာလ ၃ရက်နေ့ နံနက်ပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင် တံတားအနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးရတယ်။ တပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်သိမ်းယူ လိုက်တာလို့ SSPP/SSA ဆီကနေ သိရှိရပါတယ်။


ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတာကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ SSPP/SSA ဗဟို ကော်မတီဝင်တို့ အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။


SSPP/SSA ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ရေးထိုးထားပါတယ်။


The Voice , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment