Pages

Sunday, November 30, 2014

ၾသစေၾတးလ် ရဲတပ်ဖွဲ့က မွတ်စလင်ရဲဝန်ထမ်းတို့အတွက် ဘာသာရေးအကြီးအကဲတစ်ဦး ခန့်အပ်


RangonNewsDaily:: November . 30 .2014
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ရဲတပ်ဖွဲ့က မွတ်စလင်ရဲဝန်ထမ်းတို့အတွက် မွတ်စလင်ဘာသာရေးအကြီး အကဲအသစ်တစ်ယောက်ကို ခန့်အပ်လိုက်ပါတယ်။ 
“ရှိုတ်ခ်အဟ်မဒ်အဗ်ဒိုကို နယူးဆောက်ဝေးရဲတပ်ဖွဲ့ဝင် မိသားစုအနေနဲ့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”လို့ နယူးဆောက်ဝေး(NSW) ရဲတပ်ဖွဲ့ကော်မရှင်နာ အန်ဒရူးက နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိုတ်အဗ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ နယူးဆောက်ဝေးပြည်နယ်ရဲတပ်ဖွဲ့ဝင် မွတ်စလင်ဘာသာရေးအကြီးအကဲ ရှိုတ်ခါလီလ်ချာမီရဲ့နောက်ပိုင်း တပ်ဖွဲ့အတွင်း ခန့်အပ်ခံရတဲ့ ဘာသာရေးအကြီး အကဲတစ်ဦးဖြစ်လာပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ ရှိုတ်အဗ်ဒိုက ဆစ်ဒနီတောင်ပိုင်းမှာ ကြီးပြင်းခဲ့တဲ့ သူ့ဘ၀အကြောင်း၊ ခွဲခြားဆက်ဆံခံရမှုအတွေ့အကြုံနဲ့ ရဲတပ်ဖွဲ့အပေါ် သူ့အမြင်တွေကို ပြောပြသွားပါတယ်။

သူ့ဘ၀အတွေ့အကြုံအရ လုံခြုံမှုပေးတဲ့ ရဲဝန်ထမ်းဘ၀ကို အားကျခဲ့ပြီး သူ့ဘ၀ကို ကူညီပေးခဲ့တဲ့ ရဲတစ်ဦးကြောင့်ပဲ သူဟာ ရဲဝန်ထမ်းဘ၀ဖြစ်လာစေတယ်လို့ ရှိုတ်က ဆိုပါတယ်။

“ကျွန်တော်ထင်တယ် လူတော်တော်များများက ရဲဆိုရင် အာဏာရှိတယ်၊ ပါဝါရှိတယ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မြင်ချင်တာကတော့ ခိုလှုံရာပါ။ ကျွန်တော်လူငယ်ဘ၀ကတည်းက အဲဒီလိုပဲ သဘောထားခဲ့တယ်၊ မိသားစုလိုသဘောထားပြီး သူ့ဆီသွား အကူအညီတောင်းနိုင်ပါတယ်” လို့ ရှိုတ်အဗ်ဒိုက သူ့အမြင်ကို ပြောပါတယ်။

နယူးဆောက်ဝေးရဲမင်းကြီးရဲ့အဆိုအရ အဗ်ဒိုကို ခန့်အပ်လိုက်တာဟာ အသိုင်းအ၀ိုင်းကြားမှာ ညီညွတ်မှုနဲ့ အပြန်အလှန်နားလည်မှုကို တိုးမြင့်စေပါတယ်။

ရဲဝန်ထမ်းဘာသာရေးအကြီးအကဲရဲ့ အခန်းကဏ္ဍကတော့ “ကူညီသူတွေကို ကူညီ”ဖို့ပဲဖြစ်ပါတယ်။ စိတ်မချမ်းမြေ့ဖွယ် ကာလတွေမှာ ရဲအရာရှိတွေကို ဘာသာရေးဆိုင်ရာ လမ်းညွှန်ချက်တွေပေးပြီး သက်တောင့်သက်သာရှိစေဖို့ပဲဖြစ်ပါတယ်။

မွတ်စလင်နဲ့ တခြား အသိုင်းအ၀ိုင်းတွေအကြား နားလည်မှုလွဲချော်လာတဲ့အချိန်၊ တင်းမာမှုတိုးပွားလာတဲ့အချိန်တွေမှာ အဗ်ဒိုရဲ့ ခန့်အပ်မှုက ပိုမိုအရေးပါခဲ့ပါတယ်။

“ကျွန်တော်တို့မှာ လူမျိုးပေါင်းစုံရဲတပ်ဖွဲ့ဝင်တွေရှိတယ်၊ ကျွန်တော်တို့ဟာ ဘာသာပေါင်းစုံရဲဝန်ထမ်းတွေပဲ၊ ကျွန်တော်တို့ နေထိုင်တာကိုက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိတဲ့ အသိုင်းအ၀ိုင်းကြီးမှာပါ။ ဒါကြောင့် ကျွန်တော်တို့မှာ အဲဒီအသိုင်းအ၀ိုင်းတွေကလာတဲ့ အရာရှိတွေလည်း ရှိမယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းတွေကို ၀န်ဆောင်မှုပေးနိုင်မှာပါ” လို့ ရဲမင်းကြီးက ဆိုပါတယ်။

ရာထူးအပ်နှင်းပွဲကို သြစတြေးလျမွတ်ဖသီချုပ် ဒေါက်တာအီဗရာဟင်မ်အဗူမုဟမ္မဒ် တက်ရောက်ပြီး အခြား ထိပ်တန်း ရဲအရာရှိတွေနဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
9/11 နောက်ပိုင်း သြစတြေးလျမွတ်စလင်တွေဟာ သံသယသားကောင်းတွေဖြစ်ခဲ့ရပြီး သူတို့ရဲ့ နိုင်ငံတော်သစ္စာစောင့်သိမှုကို မေးမြန်းစုံစမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွင်း သြစတြေးလျသမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ ဆစ်ဒနီမြို့ အနောက်မြောက်ပိုင်းက မွတ်စလင် ၁၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့ကိစ္စနောက်ပိုင်း မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေလည်း တိုးပွားလာခဲ့ပါတယ်။

သြစတြေးလျကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က မွတ်စလင်တွေ စတင်ရောက်ရှိခဲ့ပြီး ယခုအခါ လူဦးရေ သန်း ၂၀ အနက် မွတ်စလင် ၁.၇ ရာခိုင်နှုန်းရှိပါတယ်။

Source : Onislam, (Myanmar Muslim Media)

KOLATT(PBDN)

RangonNewsDaily



0 comments:

Post a Comment