Pages

Wednesday, November 12, 2014

ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးခြင်းဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင်ရှိလူများတွင်ဖြစ်ပေါ်နိုင်သောရောဂါအန္တရာယ် သတိပေးနှိုးဆော်ချက်

RangonNewsDaily:: November . 12 .2014
နှစ်စဉ် ကမ္ဘာ့လူဦးရေသန်းတစ်ထောင်ကျော်သည် ဆေးလိပ်သောက်သုံးလျက်ရှိပြီး ၄ ဒသမ ၉ သန်းကျော်သည် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှင့်နှီးနွှယ်သောရောဂါများကြောင့် သေဆုံးလျက်ရှိရာ ခြောက်သိန်းကျော်သည် သူတစ်ပါး၏ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းကြောင့် သေဆုံးနေခြင်းဖြစ်ပါသည်။
ဆေးရွက်ကြီးနှင့်ဆေးလိပ်မီးခိုးငွေ့တွင် ကင်ဆာရောဂါဖြစ်စေတတ်သော ဓာတုပစ္စည်းများနှင့်လူကိုအန္တရာယ် ဖြစ်စေတတ်သော ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနော့ဆိုက်၊ ဘင်ဇင်း၊ အမိုးနီးယား စသည့် ဓာတ်ပစ္စည်းအမျိုးပေါင်း ၄ဝဝဝ ကျော်ပါဝင်သည်။

 ဆေးရွက်ကြီးထွက် ပစ္စည်းများကို အငွေ့ထွက်သော (စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖက်လိပ်၊ ရေပြောင်း၊ ရှိရှား၊ ပွတ်ချွန်း၊ ဘီဒီ)နှင့် အငွေ့မထွက်သော (ကွမ်းထဲတွင် မြန်မာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း စသည့် ဆေးထည့်၍စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း)ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါးဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့်ဆေးပါသောကွမ်းစားခြင်းတို့ကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အဆုတ်ပွရောဂါ၊ ပြင်းထန်သည့် သွေးတိုးရောဂါ၊ ခြေပုပ်၊ လက်ပုပ်ရောဂါ၊ ပန်းသေပန်းညှိုးရောဂါ စသည်တို့ဖြစ်ပွားနိုင်ပါသည်။ 


ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့် အထက်ပါရောဂါများအပြင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့၊ ပေါင်မပြည့်သောကလေး မွေးဖွားခြင်း၊မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းသည့်ကလေးမွေးဖွားခြင်း၊ မွေးစကလေးရုတ်တရက် သေဆုံးခြင်းများ ဖြစ်ပွားနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းသည် ကျန်းမာရေးကို ထိခိုက်စေရုံသာမက လူမှုရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။ထို့ကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကို အစမပြုမိစေရန်နှင့်မိမိကိုယ်တိုင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်နိုင်ရန်ကြိုးစားပါ။ 


မိသားစုဝင်များနှင့်မိတ်ဆွေများ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကို ဖြတ်နိုင်ရန်လည်း တိုက်တွန်းအားပေးကူညီပါ။ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးခြင်းကြောင့် နောက်ဆက်တွဲရောဂါများဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းနှင့်ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျကုသမှုခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန



0 comments:

Post a Comment