Pages

Wednesday, November 12, 2014

နစ်မြုပ်ခဲ့သည့် တောင်ကိုရီးယား ရေယာဉ်မှ ဦးစီးမှူးကို ထောင်ဒဏ် ၃၆ နှစ် ချမှတ်


RangonNewsDaily:: November . 11 .2014
ဧပြီလက နစ်မြုပ်ခဲ့သည့် တောင်ကိုရီးယား ကူးတို့သင်္ဘောမှ ဦးစီးမှူးကို လူသေမှုနှင့် တာဝန်ပေါ့လျော့ ပျက်ကွက်မှုများ
အတွက် ထောင်ဒဏ် ၃၆ နှစ်ထိ ချမှတ်လိုက်ကြောင်း သိရသည်။
Sewol ကူးတို့ရေယာဉ်သည် လူပေါင်း ၄၇၆ ဦးကို တင်ဆောင်ခုတ်မောင်းလာစဉ် နစ်မြုပ်ခဲ့ပြီး ကျောင်းသူကျောင်းသား လူငယ်အများစု အပါအဝင် ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ရေယာဉ် နစ်မြုပ်မှုတွင် သေဆုံးခဲ့သူများ၏ အလောင်းများကို ယခုသီတင်းပတ် အတွင်းထိ ရှာဖွေခဲ့သော်လည်း နောက်ဆုံးလက်ကျန် အလောင်း ၉ လောင်းကို ပြန်လည် မရရှိတော့ဘဲ ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

သင်္ဘော ဦးစီးမှူး လီဂျွန်ဆွတ်ခ်နှင့် ၎င်း၏ အဖွဲ့သား ၁၅ ဦးတို့ကို ရေယာဉ်နစ်မြုပ်မှုအတွက် ရုံးတင်စစ်ဆေးပြီး ပြင်းပြင်း
ထန်ထန် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ ရှေ့နေများက လီကို သေဒဏ်စီရင်ချက်ထိ ချမှတ်ရန် လျှောက်ထား
ခဲ့သော်လည်း တရားသူကြီးက ပယ်ချပြီး ထောင်ဒဏ်သာ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
::
အသက် ၆၀ ကျော် အရွယ်ရှိပြီဖြစ်သည့် လီသည် ယခုပြစ်ဒဏ်ကြောင့် ၎င်း၏ ဘဝတစ်လျှောက်လုံး ထောင်ထဲတွင်သာ ဖြတ်သန်းကုန်လွန်ရမည့် အခြေအနေမျိုး ကြုံလာသည်။ တရားသူကြီးက လီသည် ပေါ့လျော့မှု၊ တာဝန်ပျက်ကွက်မှုများ ရှိခဲ့သည် မှန်သော်လည်း ဖြစ်စဉ်တစ်ခုလုံးကို ၎င်းတစ်ဦးတည်းအပေါ် ပုံမချသင့်ကြောင်း၊ ထို့အပြင် လူအများ သေဆုံးစေရန် ၎င်းတွင် ရည်ရွယ်ချက် မရှိခဲ့ကြောင်း သုံးသပ်သည်။

သင်္ဘောမှ အမှုထမ်းများသည် ရေယာဉ်နစ်မြုပ်ချိန်တွင် စံနှုန်းသတ်မှတ်ချက်အတိုင်း လုပ်ဆောင်ရမည့် အခြေအနေများ ပျက်ကွက်ခဲ့ပြီး လီမှာမူ သင်္ဘောပေါ်တွင် လူအများအပြား ကျန်နေချိန်၌ စွန့်ခွာသွားသည်ကို ဗီဒီယို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ တရားစီရင် ဆုံးဖြတ်မှု အပြီးသတ်ချိန်တွင် လီသည် ၎င်း၏ လုပ်ရပ်အတွက် ဝန်ချတောင်းပန်ခဲ့သည်။
::
သင်္ဘော၏ အင်ဂျင်နီယာချုပ်ဖြစ်ပြီး ပါ့ခ်ဟုသာ သတင်းများက အမည်ဖော်ပြသည့် ပုဂ္ဂိုလ်မှာ လူသေဆုံးမှုများအတွက် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရသည်။ အခြားသော အမှုထမ်း ၁၃ ဦးတို့သည်လည်း ရေယာဉ်ကို အလွယ်တကူ စွန့်ခွာမှုနှင့် ရေကြောင်းဥပဒေ ချိုးဖောက်မှုများအတွက် ထောင်ဒဏ် နှစ် ၂၀ အထက်စီ ချမှတ်ခံရသည်။

အဆိုပါ စီရင်ချက်ကို သေဆုံးသူများ၏ မိသားစုဝင်များက မကျေနပ်ကြချေ။ အမျိုးသမီး တစ်ဦးက တရားရုံးထဲတွင် “မမျှတဘူး။ ကျွန်မတို့ ကလေးတွေ သေကုန်တဲ့အတွက် ဘယ်လို ပြန်ပေးဆပ်မှာလဲ။ အဲဒီ တရားခံတွေက သေတာထက် ဆိုးတဲ့ ပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်တယ်”ဟု အော်ဟစ်ခဲ့သည်။
::
တရားသူကြီး ဆုံးဖြတ်ချက် အပြီးတွင် တရားရုံးထဲ၌ ငိုကြွေးသံများဖြင့် ဆူညံသွားခဲ့ကြောင်းလည်း သိရသည်။ Sewol ရေယာဉ် နစ်မြုပ်မှုသည် တောင်ကိုရီးယား၏ ရေကြောင်းပို့ဆောင်မှု ကဏ္ဍတွင် အဆိုးရွားဆုံး သမိုင်းဝင် ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် အခြေအနေများအတွက်ပါ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန် ခံခဲ့ရသည်။

BBC ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment