Pages

Wednesday, September 17, 2014

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့်ပူးပေါင်းအဖွဲ့တို့၏ လေဆိပ်၌စစ်ဆေးပြီး စစ်ဆေးမှုမပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ်ယူခွင့်ပေးခဲ့မှု ဖြစ်ပွား

RangonNewsDaily:: September . 17 .2014
နိုင်မိသားစု ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသောနာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့မှ လေဆိပ်၌စစ်ဆေးပြီး စစ်ဆေးမှုမပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ်ယူခွင့်ပေးခဲ့မှုဖြစ်ပွားခဲ့ကြောင်း တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ မှ သိရသည်။
နိုင်မိသားစုချယ်ရီဦးမှ သွင်းကုန်လိုင်စင်အမှတ် IL23111 (၂၁.၈.၂၀၁၄) ၊ ID-525623 (၁.၉.၂၀၁၄)၊ Air Way Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ တွင် တင်သွင်းလာသည့် ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents & Ladies Watch(with accessories) Stainless & Leather နာရီ ၉၃၇ လုံးအား Mobile Team ပူးပေါင်းနှင့် အကောက်ခွန်အဖွဲ့ထံသို့ ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့မှ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇ လုံးမှာ အရေအတွက်ကိုက်ညီသော်လည်း ထုတ်လုပ်သည့်နိုင်ငံ မပါသည့်နာရီအလုံး ၈၀၀ နှင့် Swiss Made (Swiss Quartz) အသားတံဆိပ်ပါရှိသည့် နာရီ ၁၃၇ လုံးပါဝင်ကြောင်း၊ စစ်ဆေးမှု မပြီးပြတ်သေးစဉ်မှာပင် အကောက်ခွန်မှ စစ်ဆေးဆဲပစ္စည်းကို ထုတ်ယူခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တာဝန်ရှိသူတစ်ဦးက “တံဆိပ်မပါတာက အလုံး ၈၀၀၊ Swiss Made အသားတံဆိပ်ပါတာက ၁၃၇ လုံးပါ။ အဲဒီဟာကို လိုင်စင်စလျှောက်ကတည်းက ကိုရီးယားနိုင်ငံထုတ်၊ တန်ဖိုးကလည်း ကိုရီးယားနိုင်ငံထုတ် တန်ဖိုးတစ်လုံးကို ဒေါ်လာ ၄၀ နဲ့ပြထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း တင်သွင်းလာတဲ့အခါ Swiss Made အသားတံဆိပ်နဲ့ ၁၃၇ လုံး ပါလာတယ်။ 


ကျန်တာက ဘယ်နိုင်ငံထုတ်တယ်ဆိုတာ မပါတဲ့ အလုံးတွေဖြစ်နေတယ်။ ထုတ်တဲ့ ပင်ရင်းနိုင်ငံကိုလိုက်ပြီး တန်ဖိုးကလည်း ကွာခြားတယ်၊ 

အခွန်ဆောင်ရမယ့်ငွေလည်း ကွာခြားတယ်။ ဒါကို တိကျအောင်စိစစ်ခဲ့တယ်။ အကောက်ခွန်နဲ့ပဲ ပေါင်းပြီးစစ်ဆေးခဲ့တာ။ စစ်ဆေးလို့ မပြီးပြတ်သေးတဲ့အချိန်မှာပဲ အကောက်ခွန်က အဲဒီဈေးနဲ့ ထုတ်ယူခွင့်ပြုလိုက်တယ်။ ကျွန်တော်တို့ Mobile Team လည်း မသိလိုက်ဘူး။ အဲဒီလို ထုတ်ပေးတဲ့အတွက် ပြန်စိစစ်ပေးဖို့ကိုတော့ သက်ဆိုင်ရာအကောက်ခွန်ဦးစီးဌာနကို တင်ပြထားတယ်”ဟု ဆိုသည်။


တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှုများနှင့် နေရာအသီးသီး၌ တရားမ၀င်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ထိရောက်စွာအရေးယူနိုင်ရန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ချယ်ရီဦးကုမ္ပဏီနှင့် နိုင်မိသားစုဆောက်လုပ်ရေးကုမ္ပဏီတို့၏ ပိုင်ရှင်မှာ တစ်ဦးတည်းသာဖြစ်ကြောင်း သိရသည်။


(Mobile Team အဖွဲ့မှ စစ်ဆေးရာတွင် Swiss Quartz အသားတံဆိပ်ပါရှိသည့် နာရီတစ်လုံးကို တွေ့ရစဉ်)


Eleven Media ,
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment