Pages

Sunday, August 24, 2014

လန်ဒန်ဆရာတော်က သံဃမဟာနာယကအဖွဲ့အား တရားပြန်စွဲရာတွင် တရားရုံးသုံးခုမှ လက်မခံ၍ ဗြိတိန်အပါအ၀င် နိုင်ငံတကာတရားရုံးများ၌ တရားစွဲမည်

RangonNewsDaily:: August . 24 .2014
လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် မတရားတားဆီး ကန့်ကွက်မှုတို့ဖြင့် နိုင်ငံတော်သံဃမဟာနာယကအား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် သြဂုတ် ၂၂ ရက်က တရားပြန်ဆွဲရာ လက်မခံခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ လန်ဒန်ဆရာတော်က ပထမဆုံးအကြိမ် တရားစွဲဆိုခဲ့သော်လည်း လက်မခံသောကြောင့် ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ဆက်လက်တရားစွဲဆိုခဲ့ရာ တာမွေတရားရုံးမှလည်း လက်မခံခဲ့ကြောင်း သိရသည်။

“ဒီမြို့နယ်တွေက ဘုန်းကြီးရဲ့ တရားစွဲဆိုတာကို လက်မခံရင် လက်ခံတဲ့တရားရုံးတွေမှာ တရားစွဲဦးမှာပဲ။ နောက်ဆုံးဘုန်းကြီးက International Right ရှိတယ်။ ဗြိတိန်နိုင်ငံ သားဖြစ်တဲ့အတွက် ဒီနိုင်ငံမှာ လက်မခံရင် ဗြိတိန်နိုင်ငံမှာ ပြန်ပြီးတရားစွဲဦးမှာပဲ။ လက်မခံဘူးဆိုတာက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ပေါ်လွင်နေတာပဲ” ဟု ဦးဥတ္တရက မရမ်းကုန်းတရားရုံး၌ တရားစွဲခြင်းအပြီးတွင် မိန့်ကြားသည်။

မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမြသိန်းက “တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးဆဲအမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်ဖြစ်၍ ဦးတိုက်လျှောက်လွှာအား ပြန်ပေးကြောင်း” ပြန်လည်လျှောက်ထားခဲ့သည်။ ဗဟန်းတရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့သည်လည်း အထက်ပါအတိုင်း ဦးတိုက်လျှောက်လွှာအား ပြန်ပေးခဲ့သည်။

လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော် ဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ တိုင်းသံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဦးဣဒ္ဓိဗလအပါအ၀င် သံဃာအပါး ၂၀ ကို မတရားတားဆီးကန့်ကွက်မှု၊ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု စသည့်ပုဒ်မနှစ်ခုဖြင့် တရားပြန်စွဲခြင်းဖြစ်သည်။

ယင်းသို့ တရားစွဲဆိုမှုမှာ သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိဘဲ သန္တိသုခကျောင်းတိုက်တွင် ဆရာတော်များ သီတင်းသုံးနေစဉ်အတွင်း နိုင်ငံတော်သံဃမဟာနာယကနှင့် တိုင်းသံဃာ့အဖွဲ့များမှ ဆရာတော်များအား မတရားဖမ်းဆီးခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လည်တရားစွဲဆိုခြင်းဖြစ်ကြောင်း ဆရာတော်ဦးဥတ္တရက ဆက်လက်မိန့်ကြားသည်။


Eleven Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment