Pages

Monday, July 7, 2014

တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူး ဥပကာရတင်ရှိ

RangonNewsDaily:: July . 7 .2014
● လူမျိုး ဘာသာ မရွေး ရင်းနှီးချစ်ကြည်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော၊ ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားသော မန္တလေးမြို့တော်သည် တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ၊ မန္တလေးသားများ၊ မီဒီယာ အပါအ၀င် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ စသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပဋိပက္ခများဖြစ်ပွားနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီ ဟု ဆိုနိုင်သည့် အနေအထား တစ်ရပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ 
● အစိုးရအနေဖြင့် ပဋိပက္ခများ ပြန့်ပွားခြင်း မရှိစေရန် လိုအပ်သော ပြင်ဆင်မှုများ အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့ခြင်းနှင့် ယဉ်ကျေးသော၊ သိမ်မွေ့သော၊ နူးညံ့သော မန္တလေးမြို့သူမြို့သားများ၏ အစဉ်အလာကောင်းကို ထိန်းသိမ်းလိုသော စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ယနေ့ အချိန်အခါတွင် တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ဆောင်ကြဉ်း ရရှိစေခဲ့ခြင်း ဖြစ်ပါသည်။

● ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်းပေး ဆက်သွယ်သော မြို့သူမြို့သားအားလုံး၏ အမည်များ အားလုံးကိုဖော်ပြနိုင်ခြင်း မပြုနိုင်သော်လည်း ထိုသူများသည် မန္တလေးမြို့အတွက် နောက်ကွယ်မှ တာဝန်သိခဲ့ တာဝန်ကျေခဲ့ကြပြီကို အသိအမှတ်ပြုကျေးဇူးတင်ရမည် ဖြစ်ပါသည်။ တာဝန်သိ ပြည်သူများ၏ ကြိုတင်သတင်း ပေးပို့မှုများကို အားကိုးအားထားပြု၍ လူထုအခြေပြုတားဆီးကာကွယ်မှုများ၊အချိန်မီဖြေရှင်း ဆောင်ရွက်မှုများ၊ စစ်ဆေးဖော်ထုတ်မှုများ လုပ်ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း နေ့မအား ညမနား ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။

● အရေးကြီးသောအခါ သွေးစည်းလေကြသော အစဉ်အလာများနှင့်အညီ သတင်းမှားများ၊ ကောလဟာလများကို မိမိတို့အသိစိတ်ဓါတ်ဖြင့် တိုက်ဖျက်၍ သတင်းမှန်များ ထုတ်ပြန်ပေးခဲ့ကြသော မန္တလေးသူ မန္တလေးသားများ၊ တာဝန်သိ လူမှုကွန်ယက်အသုံးပြုသူများ၊ မီဒီယာများ၏ ပူးပေါင်းပါဝင်မှုကို ယခုဖြစ်စဉ်တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပါသည်။ အလားတူ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ ဖြစ်စေရေး ကူညီပံ့ပိုးနိုင်ရန် ကမ်းလှမ်းခဲ့ကြသော အမေရိကန် အခြေစိုက် Facebook မှ တာဝန်ရှိသူများ၊ Silicon Valley မှ သက်ဆိုင်သူများကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါသည်။

● ဤသို့ မန္တလေးသူ မန္တလေးသားများအပါအ၀င် တာဝန်သိ တာဝန်ကျေပွန်သော ပြည်သူလူထု အခြေပြု ပူးပေါင်းဆောင်ရွက်မှုဖြင့် စိတ်ပူပန်ရ၊ မလုံခြုံဟု ခံစားခဲ့ရသော မန္တလေးမြို့တော်ကြီးအား အကျည်းတန် အရုပ်ဆိုးစေမည့်အဖြစ်သို့ မရောက်ရှိစေရန် ထိုက်သင့်သလောက် ကာကွယ်နိုင်ခဲ့ပြီ ဟု ယုံကြည်ပါသည်။

● ကိုးကွယ်ရာဘာသာ မတူညီသည့်တိုင် အချင်းချင်းဖေးမကူညီ ကာကွယ်စောင့်ရှောက်ပြီး ခက်ခဲသော အခြေအနေတွင် နားလည်မှု မလွဲမှားအောင် ထိန်းကျောင်းပေးခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆော်ငများ၊ လူမှုရေးခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တာဝန်သိလူငယ်များကိုလည်း လေးနက်စွာကျေးဇူးတင် ရမည်ဖြစ်ပါသည်။

● ရှေ့ဆက်ပြီး အလားတူ အခြေအနေပေါ်ပေါက်စေရန် လှုံ့ဆော်မှုများ ရှိလာပါက အစိုးရ၊ ရဲတပ်ဖွဲ့တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပြီး မန္တလေးမြို့ကို ကာကွယ်ပေးကြပါရန်နှင့် ကိုးကွယ်ယုံကြည်မှု မတူသူများအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ငြိမ်းချမ်းစွာ ညီညွတ်မျှတ သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment