Pages

Sunday, June 8, 2014

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း


RangonNewsDaily: June . 8 .2014
၂၀၁၅ ရွေးကောက်ပွဲအမီ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်လာရေး အတွက် နိုင်ငံရေးပါတီများ လှုပ်ရှားမှုများ မြင့်တက်လာကာ ယခုအခါ ပြင်ဆင်ရေး အတွက် လူထုဆန္ဒ ဖော်ထုတ်ပွဲကြီးများမှ လူထုတစ်ရပ်လုံး ပါဝင်သော လက်မှတ်ရေးထိုးပွဲကြီးများကို မြို့ကြီးအချို့တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယင်းအခြေအနေတွင် ယခင်က ဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အတူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ပြည်သူတစ်ရပ်လုံးက အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားလာသော အချိန်တွင် ဦးကိုနီ၏ လှုပ်ရှားမှုများကို မတွေ့ရတော့ချေ။

ယင်းကိစ္စသည် နိုင်ငံရေး အသိုင်းအ၀ိုင်း အတွက် ပဟေဌိ ဖြစ်စေခဲ့သည့် အပြင် ဦးကိုနီသည် ဘာသာခြား တစ်ဦးဖြစ်ပြီး ပြည်တွင်း၌ ဖြစ်ပွားသော လူမျိုးရေး ပဋိပက္ခများတွင် ၎င်း၏ လုပ်ဆောင်ချက်၊ ရပ်တည်ချက်များကိုလည်း မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ ထို့ကြောင့် ဦးကိုနီ၏ ဥပဒေ ပြင်ဆင်ရေး အတွက် လှုပ်ရှားမှုများ၊ တိုင်းပြည်အတွက် ရပ်တည်ချက်များကို သိရှိစေရန် Tomorrowမှ ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။
::
မေး။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အရင်တုန်းက အန်ကယ်ဟာ ရှေ့ဆုံးက ဦးဆောင်ခဲ့တယ်။ အခုလူထုတစ်ရပ်လုံး ပါဝင်တဲ့ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အန်ကယ့်ကို မတွေ့ရဘူး။ ဘာကြောင့်လဲ။

ဖြေ။ ။ ကျွန်တော့်ရဲ့ အဓိက ပြဿနာက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲအမီ အဓိက လုပ်နေတဲ့ ပြည်သူလူထုကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲခိုး မဲလိမ်တယ်ဆိုတာက လူထုက မသိရင်ခံရမှာပဲ။ သိနေရင်တော့ အဲဒါတွေ လုပ်လို့ မရဘူးပေါ့။ ကြိုတင်မဲ ဆိုတဲ့ သဘောက လိမ်တဲ့ သူက လိမ်ထားပြီးပြီ အလိမ်ခံရတဲ့ သူက ဒါတွေကို သဘော ပေါက်နေတယ်။
::
နားလည်နေတယ်ဆိုရင် လိမ်လို့ မရပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုကို ကျွန်တော်က အဲဒီ့ အသိပညာပေးချင်လို့ အဲဒီကိစ္စကို အဓိကထား လုပ်နေတယ်။ ရှေ့လလောက်ဆိုရင် အဲဒီစာအုပ် ထွက်မှာပါ။ နောက်တစ်ခုကတော့ ပဉ္စမ မြန်မာနိုင်ငံဆိုတဲ့ စာအုပ်အတွက်လည်း အားထုတ် နေရပါတယ်။

ဒီကြားထဲ နိုင်ငံခြားခရီးကိုပါ သွားလိုက်ရတော့ အလုပ်အကြွေးတွေ တော်တော်ပုံ သွားတယ်။ ကျွန်တော့်ရဲ့ ရုံးကိစ္စတွေ၊ တရားရေး ကိစ္စ၊ မိသားစု ကိစ္စအရေးတွေပါ လုပ်နေရတော့ အရင်လို ရှေ့တန်းကို မထွက်နိုင်တာပါ။ ကျွန်တော်စခဲ့တဲ့ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေး ဟာလည်း အခုချိန်မှာ အရှိန်အဟုန်ပြင်းစွာ သွားနေပါပြီ သိပ်တော့ မလိုအပ်တော့ပါဘူး။ ကျွန်တော် အခု အာရုံစိုက်နေရတာကတော့ ရွေးကောက်ပွဲ အတွက်ပါ။
::
အထူးသဖြင့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် ပထမဆုံး တရားမျှတတဲ့ ကော်မရှင် တစ်ခုပေါ်ဖို့ လိုအပ်သလို တရားမျှတတဲ့ ကော်မရှင်နဲ့ဆိုတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မျှော်လင့်ချက်ထားလို့ ရပါတယ်။ အဲဒီအတွက် ကျွန်တော် ကြိုစားနေပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် အခုလက်ရှိ ကျွန်တော် အရှေ့မှာ မရှိပေမယ့် အနောက်မှာတော့ အပြည့် အလုပ်လုပ်နေပါတယ်။

မေး။ ။ အန်ကယ်နဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေရှိနေတယ်။ အဲဒါက ဘာလဲဆိုတော့ ဘင်္ဂလား ဒေ့ရှ်နဲ့ မြန်မာ စစ်မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ နိုင်ငံရေး အသိုင်းအ၀ိုင်းတွေက စွပ်စွဲနေတယ်။ အဲဒီ စွပ်စွဲချက်တွေကို ဘယ်လို တုံ့ပြန်ချင်လဲ။
::
ဖြေ။ ။ အဲဒါကတော့ ကျွန်တော်ကို မလိုတဲ့ အဖွဲ့အစည်း တစ်ခုက စနစ်တကျ အကွက်ချ ပြီးတော့ စွပ်စွဲနေတာပါ။ ဘယ်အဖွဲ့အစည်းလည်း ဆိုတာတော့ ကျွန်တော် မသိတဲ့ အပြင် မစုံစမ်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် မိတ်ဆွေ တစ်ချို့ကလည်း ပြောကြတယ်။ ခင်ဗျားကို အရမ်းပဲ တိုက်ကြတယ်တဲ့။ ကျွန်တော်တို့ အနေနဲ့ မခံချင်ဘူး။ အဲဒီတော့ ကျွန်တော်ကို တိုက်နေတဲ့ သူတွေ ရှိသလို ကာကွယ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေကလည်း သဘာဝပဲ။

လောကကြီးမှာ လိုသူ ရှိသလို မလိုသူလည်း ရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ စဉ်းစားလို့ရအောင် ကျွန်တော် ပြောမယ်။ ဘာဖြစ်လို့ ကျွန်တော်ကို တိုက်ရတာလဲ ဆိုတာက အဓိက စဉ်းစားရမယ့်အချက်ပဲ။ ကျွန်တော်သာ ဘာမှမလုပ်ရင် အတိုက်ခံရမှာ မဟုတ်ဘူး။
::
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဖွဲ့စည်းပုံ အခြခံ ဥပဒေ ပြင်ဆင်ရေးမှာ အရင်က ကျွန်တော် တက်တက်ကြွကြွနဲ့ လုပ်လို့တိုက်တာလား။ သည့်အရင်က ကျွန်တော်ကို တိုက်တာ ရှိလား၊ မရှိဘူးလား။ အခုမှ ရှိလာတာလား။ သူတို့အနေနဲ့ တိုက်စရာ ဆိုတာကလည်း ကျွန်တော်မှာ မွတ်စလင်ဖြစ်တာ တစ်ချက်ပဲရှိတယ်။ ဒါနဲ့ပဲ တိုက်တာပါ။ မွတ်စလင် ဖြစ်တော့ရော ဘာဖြစ်လဲဗျာ။

ကမ္ဘာမှာ မွတ်စလင်တွေ အများကြီး ရှိသလို၊ ဗုဒ္ဓ ဘာသာတွေလည်း အများကြီး ရှိတာပဲ။ တိုက်စရာမရှိ ကျွန်တော်ကို ကြံဖန်ပြီး တိုက်နေတာပါ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက ဘာကြောင့်လည်းဆိုတဲ့ မေးခွန်းက အဓိကပဲ။ ကျွန်တော်ဘာလုပ်လို့ တိုက်တာလဲ။ တိုင်းပြည် ကောင်းရာကောင်းကျိုးကို တစ်တပ်တအား လုပ်နေတာလား။
::
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် လုပ်နေတာလား ဆိုတာ သိဖို့လိုတယ်။ တိုင်းပြည်ကောင်းမယ်လို့ ယူဆလို့ ယုံကြည်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အားသွန်ခွန်စိုက်လုပ်တဲ့ ဟာကို မလိုလားသော လူတစ်စုက စနစ်တကျ လုပ်ကြံပြီးတော့ ကျွန်တော့်ကို မမှန်မကန်တွေ စွပ်စွဲနေတာပါလို့ ကျွန်တော် ပြောချင်ပါတယ်။

မေး။ ။ မြန်မာနဲ့ မွတ်စလင်တွေကြား ပဋိပက္ခတိုင်းမှာ အန်ကယ့်အနေနဲ့ မွတ်စလင်တွေဘက်က ရပ်တည်နေတယ်လို့ သိရတယ်။ အဲဒါဟာ အမှန်ပဲလား။
::
ဖြေ။ ။ မေးတဲ့သူတွေ အမေး ရှိသလို ဖြေတဲ့သူတွေလည်း အဖြေရှိပါတယ်။ သို့သော် နားထောင်တဲ့ သူက လူသားဆန်ဆန် နားထောင်ဖို့ လိုပါတယ်။

ကျွန်တော်ဟာ မွတ်စလင် ဘာသာဝင် တစ်ယောက် ဖြစ်တဲ့ အတွက် ကျွန်တော် ဘာသာကို ထိရင်တော့ နာမှာပဲ။ ဗလီတစ်လုံးကို မီးရှို့လိုက်ရင် ကျွန်တော် ဘယ်လို ခံစားရမလဲ။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေလည်း စဉ်းစားကြည့်ပါ။
::
ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းကို မီးရှို့ဖျက်ဆီးလိုက်ရင် ခင်ဗျားတို့ ဘယ်လို ခံစားရမလဲ။ ဒီအတိုင်းပဲ ကျွန်တော်မှာလည်း ခံစားချက်ရှိတယ်။ ဒါပေမယ့် ကျွန်တော် ပြောတဲ့အခါမှာ ဘယ်တော့မှ ဘက်လိုက်ပြီး မပြောဘူး။ တကယ်လို့များ ကျွန်တော့် စကားတစ်ခွန်းဟာ ဘာသာရေး အတွက် ဘက်လိုက်မှုရှိရင် သတ္တိရှိရှိနဲ့ မျက်နှာစုံညီ ရှင်းချင်ပါတယ်။ ကွယ်ရာမှာ အတင်း ပြောသလို ပြောတာမျိုးကို သိပ်ဂရုမစိုက်ပါဘူး။

ကျွန်တော်က စာရေးတဲ့သူပါ။ ကျွန်တော်ရေးတဲ့ စာတွေ အင်တာဗျူးတွေမှာ ဖတ်ကြည့်ပါ။ ကျွန်တော်ရဲ့ သဘောထားတွေ သိရမှာပါ။ ကျွန်တော်က ဘယ်တော့မှ ဘက်လိုက်တာ မရှိပါဘူး။ အခု ဖြစ်နေတဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေ ပြဿနာဟာ အမှန်တော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် လေ့လာကြည့် သလောက်တော့ ဒါတွေဟာ တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်ရတာပါ။
::
စီမံခန့်ခွဲမှု ညံ့လို့လည်း ပါပါတယ်။ ကျွန်တော် အဲဒါ အရင်တုန်းက ပြောပါတယ်။ အခုလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အင်တာဗျူး တစ်ခုမှာလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင်လို့ ရှင်းချင်ရင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်တုန်းက ရှင်းသလို ရှင်းလိုက်ရင် ပြီးသွားမှာပါ။ အခုတော့ အိမ်တွေဖျက်၊ ကျောင်းတွေဖျက် လုပ်နေတာ ဘာဖြစ်လို့ မတားနိုင်ရတာတုန်း။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်တာမှ မဟုတ်တာ။ မလုပ်လို့ ဖြစ်နေတာပါ။

တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးရေး မဲ့နေတာပါ။ ဒါ အုပ်ချုပ်ရေး အာဏာပိုင်တွေမှာ အဓိက တာဝန် ရှိပါတယ်။ ကျွန်တော် ဒီလိုပဲ ပြောခဲ့တယ်။ အဲဒီစကားကို တော်တော်များများ ဗုဒ္ဓဘာသာ ကျွန်တော့် မိတ်ဆွေတွေကလည်း လက်ခံပါတယ်။ ဒါဒီလိုပဲ ပြောရမယ်။ ကျွန်တော်ကတော့ ရဲရဲဝင့်ဝင့် ပြန်ပြောချင်ပါတယ်။
::
အဲဒီလို မေးတဲ့သူတွေရှိရင် ကျွန်တော်ကို တည့်တည့်ပြောပါ။ ဘယ်နားမှာ ဘာသာရေး ဘက်လိုက်ပါသလဲ ကျွန်တော်ရဲ့ ယုံကြည်ချက်က ရင်ထဲမှာပဲ ထားပါတယ်။ ကျွန်တော် ရေးတဲ့စာတွေ ဖတ်ရင် သူတို့သိမှာပါ။ တိုင်းပြည် ကောင်းစားရေးနဲ့ ပတ်သက်တဲ့၊ ဥပဒေနဲ့ ပတ်သက်တဲ့၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သဘောတရားတွေ ပါပါတယ်။

မေး။ ။ အန်ကယ့်ရဲ့ စိတ်ရင်းအမှန်က တိုင်းပြည်ကို ဘယ်လိုဖြစ်စေချင်လဲဆိုတာ ပြောပြပေးပါ။
::
ဖြေ။ ။ ကျွန်တော်ရဲ့ စိတ်ရင်း အမှန်နဲ့ တစ်ကယ် အမှန်တိုင်း ပြောရရင် နိုင်ငံတော် အာဏာကို နိုင်ငံသားများ အမှန်တစ်ကယ် ပိုင်ဆိုင် စီမံခန့်ခွဲနိုင်တဲ့ နိုင်ငံတော်ကြီး ဖြစ်စေချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - ပိုင်လေး
Photo : VOA
Tomorrow Journal ,
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment