Pages

Saturday, May 3, 2014

လက်ပံတောင်းတောင် လယ်တီသိမ် ရွှေ့ပြောင်းခြင်းအပေါ် ဒေသခံများနှင့် သံဃာအချို့ ဆက်ဆံရေး ရုံးထံမှ ဖြေရှင်းချက်တောင်း


RangonNewsDaily: May . 3 .2014
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ဒေသ၌ ဧပြီလ နောက်ဆုံးပတ်အတွင်း ပြောင်းရွှေ့နေပြီ ဖြစ်သော လယ်တီသိမ်အား ရွှေ့ပြောင်းမှုတွင် တာဝန်ရှိသူများအနေနှင့် ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ် ဖြေရှင်းချက်ပေးရန် မေလ ၁ ရက်နေ့ ညနေပိုင်းက ဆည်တည်းရွာနှင့် တုံရွာတို့မှ ဒေသခံ လူအင်အား တစ်ရာခန့်နှင့် သံဃာအချို့သည် ဆည်တည်း-ဇီးတော ရွာသစ်ရှိ ဆက်ဆံရေးရုံးသို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ဆက်ဆံရေးရုံးသို့ သွားရောက်ခဲ့သော်လည်း ရုံးပိတ်ထားပြီး လူမရှိ၍ ဒေသခံများအနေနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရခြင်း မရှိကြောင်း တွေ့ဆုံရန် သွားရောက်ရာတွင် ပါဝင်သည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

ဒေသခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် လက်ပံတောင်းတောင် စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ ဆက်ဆံရေးရုံးကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ဆည်တည်း-ဇီးတော ရွာသစ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“အစီရင်ခံစာမှာ ပါတဲ့အတိုင်း ဆောင်ရွက်ပါမယ်လို့ ဖော်ဆောင်ရေး ကော်မတီအနေနဲ့ ကတိပေးခဲ့တာတွေ ရှိပါတယ်။ လယ်တီသိမ် ရွှေ့တဲ့နေရာမှာလည်း လက်ပံတောင်း ဒေသခံတွေနဲ့ အများပြည်သူ သိရှိအောင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပါ့မယ်လို့ ကတိပေးခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အခုတော့ ရွှေ့ပြီးမှ သိရတယ်။ ဒါကြောင့် ဖြေရှင်းချက် လာတောင်းတာပါ” ဟု ဆည်တည်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင်ကြားရှိ လယ်တီသိမ် ရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဧပြီလကုန်ပိုင်းက စတင်ခဲ့ရာ လက်ရှိတွင် စေတီတော်နှင့် သိမ်တော်မှာ မူလနေရာတွင် မရှိတော့ဘဲ ယင်းနေရာမှ မြေများကို မြေကော်ယာဉ်ကြီးများဖြင့် သယ်ဆောင်နေသည့် အဆင့်သို့ ရောက်ရှိနေပြီး မည်သို့ ရွှေ့ပြောင်းမည် ဆိုသည့် အစီအစဉ်များကိုလည်း မသိရှိခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

လယ်တီသိမ် ရွှေ့ခြင်းလုပ်ငန်းများကို နေ့၊ ည ဆောင်ရွက်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် သာသနာရေး ဝန်ကြီးက ပြောဆိုခဲ့သော်လည်း သိမ်ပြောင်းရွှေ့ခြင်းကို ညပိုင်းမှသာ ပြုလုပ်သည်ဟု ဒေသခံအများစုက ဆိုသည်။

မတ်လ ၃၀ ရက် နံနက်ပိုင်းနှင့် ညပိုင်း အချိန်များတွင် လက်ပံတောင်းတောင် ဒေသရှိ သံဃာအများစု ပါဝင်သော သံဃာ ၂၇ ပါးဖြင့် လယ်တီသိမ် နုတ်ခြင်းကို ပြုလုပ်ခဲ့ပြီး ဧပြီ နောက်ဆုံးပတ်မှ စ၍ ပြောင်းရွှေ့ခြင်း ဖြစ်သည်။

The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment