Pages

Tuesday, April 22, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာအားလုံး ဧပြီ ၂၃ အပြီးစစ်မည်

RangonNewsDaily: April . 22 .2014
ပညာရေး ဝန်ကြီးဌာနက ကျင်းပသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ် အဖြေလွှာ အားလုံးနီးပါး စစ်ဆေးပြီးဖြစ်ပြီး ကျန်ရှိနေသော အဖြေလွှာများ အတွက်လည်း ဧပြီလ ၂၃ ရက်နေ့ မတိုင်မီ အပြီးသတ် စစ်ဆေးရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်း စာစစ် တာဝန်ကျသူများထံမှ စုံစမ်းသိရှိရသည်။အဖြေလွှာ အားလုံး စစ်ဆေးပြီးပါက သက်ဆိုင်ရာ အဆင့်မြင့်ပညာ တာဝန်ရှိသူများက အမှတ်စာရင်းများကို ကွန်ပျူတာ စာရင်းသွင်းမည် ဖြစ်ကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနသို့ အပ်နှင်းခြင်းကို အစဉ်လိုက် လုပ်ဆောင်သွားရန် ရှိကြောင်း ၎င်းတို့က The Voice သို့ ပြောကြားသည်။ 
“စာစစ်တာက အဆင့်မြင့်ပညာက လုပ်နေတာ။ အခုထိတော့ စာရင်းတွေ မရသေးဘူး” ဟု မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နှစ်စဉ် ဇွန်လလယ်ခန့်တွင် ကြေညာပြီး ယခုနှစ် အောင်စာရင်း ထွက်ချိန်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“စာစစ်တာ၊ အောင်စာရင်းထွက်တာ ပြောင်းလဲသွားတယ်လို့ မကြားမိသေးဘူး။ အရင်နှစ်တွေ အတိုင်းပဲ” ဟု အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် ပြောင်းလဲရေး အတွက်၂၀၁၃ ခုနှစ်ကုန်နှင့် ၂၀၁၄ ခုနှစ်ဆန်း ပညာရေး ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲများတွင် ထည့်သွင်း ညှိနှိုင်းခဲ့ကြသော်လည်း ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းနှင့် စစ်ဆေးနည်းများကို ပြောင်းလဲခြင်း မရှိခဲ့ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုရန် စာစစ်ဌာန ၁၂၈၇ ခုမှ စာရင်းသွင်းသူ ၅၈၈၆၁၂ ဦး ရှိခဲ့ပြီး မတ်လ ၁၂ ရက်နေ့တွင် စတင် ဖြေဆိုခဲ့ကြကြောင်း ပညာရေး ဝန်ကြီးဌာနက သိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment