Pages

Tuesday, April 22, 2014

မော်တော်ယာဉ် စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်


RangonNewsDaily: April . 22 .2014
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်ဟောင်း အပ်နှံခွင့်နှင့် ပတ်သက်၍ အက္ခရာ နံပါတ်သစ်များ လက်ခံ
မည်ဟု ကြေညာခဲ့ခြင်းကြောင့် မော်တော်ယာဉ် စလစ်ဈေး ကျဆင်းသွားခဲ့ရာမှ ဧပြီလ ဒုတိယပတ်အတွင်းမှ စတင်၍ မော်တော်
ယာဉ် တင်သွင်းခွင့် စလစ်တစ်စောင်လျှင် ကျပ်ဆယ်သိန်းနီးပါးခန့် ပြန်လည် မြင့်တက်လာကြောင်း ရန်ကုန် ကားဈေးကွက်အတွင်းမှ သိရသည်။
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်ဟောင်းအက္ခရာ နံပါတ်သစ်များကို ထပ်မံအပ်နှံခွင့် ပြုမည်ဖြစ်ကြောင်း
 မတ်လ တတိယပတ်အတွင်းက ကြေညာခဲ့သော်လည်း အပ်နှံသူ အရေအတွက် နည်းပါးပြီး စလစ် ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် မော်တော်ယာဉ် စလစ်ဈေးနှုန်းများမှာ ပြန်လည် မြင့်တက်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် စလစ်ဝယ်ရောင်း အသိုင်းအဝိုင်းက ပြောကြားသည်။ 

“စလစ်ဈေးက ထပ်တက်ဖို့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စလစ် အရောင်းအဝယ်က အရမ်းကောင်းနေပြီးတော့ ရောင်းမယ့်လူ မရှိဘူး။ အပ်ကားကလည်း နည်းနေတယ်။ တချို့ကလည်း ကညနရဲ့ ပိတ်ရက်တွေကြောင့် မအပ်ကျတာ” ဟု ရန်ကုန်မြို့တော် အခြေစိုက် စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ဆိုသည်။

မော်တော်ယာဉ် ဈေးကွက်အတွင်း စလစ်မော်တော်ယာဉ်များမှာ အရောင်းအဝယ် ကောင်းမွန်လျက် ရှိပြီး စလစ်မော်တော်ယာဉ် အပ်နှံမှုမှာမူ လျော့ကျလျက် ရှိကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မော်တော်ယာဉ် စလစ် ဈေးနှုန်းများသည် မြန်မာနှစ်သစ်ကူး သင်္ကြန်မတိုင်မီ (ဧပြီ ပထမအပတ်အတွင်း) က ကျပ် သိန်း ၉၀ ကျော်ခန့်သာ ဈေးရှိခဲ့ရာမှ ဧပြီလ တတိယအပတ် အရောက်တွင် စလစ်တစ်စောင် ပေါက်ဈေးသည် ကျပ် ၁၀၂ သိန်းခန့် ဈေးနှုန်းသို့ မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် မော်တော်ယာဉ် ဝယ်ရောင်းများထံမှ သိရသည်။

လတ်တလောတွင် ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်း၌ စလစ်ဈေးနှုန်းများ မြင့်တက်လျက် ရှိပြီး မော်တော်ယာဉ် အရောင်းအဝယ် များပါ ကောင်းမွန်လျက် ရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း အခြေစိုက် မော်တော်ယာဉ် ဝယ်ရောင်း ဦးအေးကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက စလစ်ကပ်၍ မော်တော်ယာဉ် တင်သွင်းခွင့် စတင် ခွင့်ပြုခဲ့စဉ်က ကျပ်သိန်း ၁၈၀ ဝန်းကျင်ခန့်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၃၀ ဝန်းကျင် ပေါက်ဈေးဖြင့် ဒုတိယမြောက် စံချိန်တင် ဈေးမြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်းသည် ယင်းသို့ မော်တော်ယာဉ် တင်သွင်းခွင့် စလစ်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ပေးရန်အတွက် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီထံသို့ ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ် အတွင်းက တင်ပြခဲ့သော်လည်း ဧပြီလ တတိယပတ် ရောက်သည်အထိ ပြန်လည် အကြောင်းကြားခြင်း မရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment