Pages

Friday, March 14, 2014

တိုက်ဆောက်ပြီးချိန် နေထိုင်ခွင့်မကျ၍ အိမ်ရှင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

RangonNewsDaily: March . 14 .2014
သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်၊ ၅ လမ်းရှိ ငါးလွှာတိုက်ခြံဝင်းရှိ ရေတမာပင်တွင် မတ်လ ၁၂ ရက် နံနက် ၂ နာရီခန့်က အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ တိုက်ဆောက်ပြီးချိန်တွင် ဆောက်လုပ်ခွင့် မကျသေးသဖြင့် နေထိုင်ခွင့် မပြုကြောင်း စည်ပင်က အကြောင်းကြား ခံရသောကြောင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အဆိုပါ လမ်းအနီးတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။ 
ကြိုးဆွဲချ သေဆုံးခဲ့သော အမျိုးသားကြီးမှာ လွန်ခဲ့သော ၂ နှစ်ခန့်က ၎င်း၏ နေအိမ်ကို ကန်ထရိုက်စနစ်ဖြင့် ငါးလွှာတိုက် ဆောက်လုပ်ခဲ့ပြီး ကန်ထရိုက်က ၎င်းပိုင်ဆိုင်သော တိုက်တစ်ခြမ်းကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခဲ့ပြီး လူနေထိုင်လျက် ရှိသော်လည်း မြို့နယ် စည်ပင်သာယာရေးရုံးက ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ဟု ဆိုကာ နေထိုင်ခွင့် မပြုကြောင်း အကြောင်း ကြားခဲ့သဖြင့် အိမ်ရှင် အမျိုးသားမှာ စိတ်ညစ်ကာ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ 

“စည်ပင်က ခွင့်ပြုထားတဲ့ အစိမ်းရောင် ဆိုင်းဘုတ်ကပ်မှ အိမ်ဆောက်ခွင့်ရတာ သူတို့ မိသားစုက မသိဘူး။ ကန်ထရိုက်က စည်ပင် ခွင့်ပြုချက် ရထားတယ်ဆိုပြီး တိုက်ခန်း အမြန်ဆောက်ပြီး သူပိုင်တဲ့အခန်းတွေ ရောင်းပြီးထားခဲ့တာ။ နောက် နေခွင့်မပြုတဲ့ အသိပေးစာ ရောက်လာတော့ ကြိုးဆွဲချ မသေခင် တစ်နေ့က ကန်ထရိုက်ကို အကျိုးအကြောင်းမေးဖို့ ချိန်းခဲ့ပေမယ့် ကန်ထရိုက်က ရောက်မလာဘူး” ဟု သေဆုံးသူနှင့် နီးစပ်သည့် စံပြရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ရှင်းပြသည်။

ကြိုးဆွဲချ သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပီအာရ် ၁၅ ဖြင့် ပို့အပ်ထားပြီး သေမှုသေခင်း အမှတ်စဉ် ၇/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ကန်ထရိုက်တိုက် ဆောက်လုပ်မှု များပြားပြီး ကန်ထရိုက် အချို့၏ နည်းမမှန်သော လုပ်ရပ်များကြောင့် မြေပိုင်ရှင်များ အနေနှင့် စိတ်သောက ရောက်ရကြောင်း၊ အချို့ကန်ထရိုက်မှာ အိမ်ရှင်၏ အိမ်ဂရန် ပေါင်နှံခြင်း၊ ကာလတစ်ခုအတွင်း အပြီးသတ် တည်ဆောက်မှု မရှိခြင်း၊ တိုက်ခန်းများကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချကာ တိုက်ခန်း တည်ဆောက်မှုများ အပြီးမသတ်ခင် ထွက်ပြေးခြင်း များလည်း ရှိကြောင်း အဆိုပါ မြို့နယ်တွင် နေထိုင်သည့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ကိုင်သူ အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှု များကြောင့် ဒဏ်ရိုက်ခြင်း၊ တရားစွဲဆိုခြင်းများနှင့် တည်ဆောက်နေသည့် တိုက်များကို ဖြိုဖျက်ကာ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အထိ တိုက်ပေါင်း ၅၁၁ လုံးကို စည်ပင်ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment