Pages

Friday, March 14, 2014

မုံရွာ အ.ထ.က (၁) မြန်မာစာမေးခွန်း မိနစ် ၃၀ နောက်ကျ၊ နှစ်နာရီခွဲသာ ဖြေချိန်ရ

RangonNewsDaily: March . 14 .2014
မုံရွာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာန အဆောင် (၁) အခန်း ၁၃ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားများ မတ်လ ၁၂ ရက်နေ့က မြန်မာစာမေးခွန်း မိနစ် ၃၀ ခန့် နောက်ကျပြီးမှ ရသဖြင့် ၂ နာရီ ၃၀ မိနစ်သာ ဖြေဆိုချိန်ရခဲ့ကြောင်း ယင်း စာမေးပွဲခန်းတွင် ဖြေဆို ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများက ပြောကြားသည်။
“ကလေးတွေ ငိုပြီးထွက်လာလို့ မေးကြည့်တော့ မေးခွန်း နောက်ကျမှရခဲ့တဲ့ အကြောင်းသိရတာ” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောဆိုသည်။

ယင်းစာဖြေခန်းတွင် မိုးဦးပန်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား ခုနစ်ဦး၊ TOP ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား ခြောက်ဦးနှင့် အခြားကျောင်းသား ကျောင်းသူ ၁၂ ဦး စုစုပေါင်း ၂၅ ဦး ဖြေဆိုခဲ့သည်ဟု ၎င်းကဆိုသည်။

“အခန်းစောင့် ဆရာ၊ ဆရာမတွေကို နစ်နာစေချင်တဲ့ ဆန္ဒတော့ မရှိပါဘူး၊ ဘာသာစုံ ဂုဏ်ထူး မှန်းထားတဲ့ ကျောင်းသူ ကျောင်းသားတွေလဲ ပါဝင်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေ နစ်နာသွားမှာ စိုးရိမ်တဲ့အတွက် ပြောရခြင်း ဖြစ်ပါတယ်၊ ဘယ်သူ့ကိုမှ ထိခိုက်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ ဒီကလေးတွေရဲ့ ပန်းတိုင်တစ်ခု ပျောက်ဆုံးသွားမှာ စိုးရိမ်ပါတယ်” ဟု ယင်းအခန်းတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး၏ မိခင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ The Voice က စစ်ကိုင်းတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “အားလုံး ဖြေရှင်းပြီးပါပြီ။ မိဘတွေလည်း အားလုံး ကျေနပ်သွားပါပြီ။ အဆင်ပြေသွားပါပြီ။ အရေးယူတဲ့အနေနဲ့ ကြီးကြပ်ရေးမှူးနဲ့ လက်ထောက် ကြီးကြပ်ရေးမှူးတွေ ပြောင်းလဲ ထားလိုက်ပါပြီ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
“အရင်က ဒီလိုဖြစ်စဉ်မျိုး မရှိခဲ့ဘူး၊ ဒါပထမဆုံးအကြိမ် ဖြစ်တာပေါ့။ ကလေးတွေအတွက် တာဝန်ရှိတဲ့သူတွေ စဉ်းစား ပေးစေချင်ပါတယ်။ ကလေးတွေ နစ်နာသွားတယ်” ဟု မုံရွာမြို့တွင် သက်တမ်းကြာရှည်စွာ ဘော်ဒါဆောင် ဖွင့်လှစ်ခဲ့သူ တစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စာဖြေဌာန စုစုပေါင်း ၁၃၄ နေရာရှိပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၆၆၃၈၂ ဦး ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံး စာရင်းများအရ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment