Pages

Monday, March 17, 2014

မန်းရွှေစက်တော်ပွဲတော်တွင် ပွဲတော်ကွင်းအတွင်း ကားများရက်ဆက် ပြည့်လျှံသည်အထိ ဘုရားဖူးများဖြင့် စည်ကား

မန်းရွှေစက်တော် ဘုရားပွဲသို့ လာရောက်သော ဘုရားဖူးကားများဖြင့် ပြည့်ကျပ်နေသည်ကို တွေ့ရစဉ်
RangonNewsDaily: March . 17 .2014
မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၄ ရက်မှ စတင်ကျင်းပနေသည့် ရွှေစက်တော်ပွဲတော်တွင် မတ်လဆန်းမှ လလယ်ပိုင်းအထိ ပွဲတော်ကွင်းအတွင်း ကားများရက်ဆက်၍ ပြည့်လျှံသည်အထိ ဘုရားဖူးများဖြင့် စံချိန်တင် စည်ကားနေကြောင်း ပွဲတော်တွင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ယင်းပွဲတော်သို့ နှစ်စဉ်တပေါင်းလပြည့်ရက်တွင် ဘုရားဖူးအများဆုံး လာရောက်လေ့ရှိကြောင်း ယခုနှစ်တွင် အခြေခံပညာ အလယ်တန်းစာမေးပွဲ ပြီးစရက်များမှစ၍ ပွဲတော်တွင်းအနှံ့ ဘုရားဖူးကားများ ပြည့်လျှံနေသောကြောင့် ပွဲတော်တွင်း မ၀င်ရောက်နိုင်သည့် ကားများမှာ မကွေးမြို့သို့ လှည့်ပြန်ကာ မြသလွန်စေတီတွင် ညအိပ်နားနေကြရကြောင်း ဘုရားဖူးများနှင့် ရွှေစက်တော် လိုင်းကားမောင်းသူများထံမှ သိရသည်။

“အရင်တစ်ပတ် စနေ၊ တနင်္ဂ နွေရက်တွေက ပုသိမ်မုံရွာလမ်းကနေ ရွှေစက်တော်ကိုဝင်တဲ့ သုံးမိုင်လမ်းထိပ်အထိ ကားတွေပြည့်နေလို့ ရှစ်မိုင်လမ်းခွဲဘက်ကနေ ကားတွေပတ်ထွက်ခိုင်းရတယ်။ ပွဲတော်တွင်းနဲ့ သုံးမိုင်အကွာထိ ယာဉ်ကြောတွေ ပိတ်ကုန်တာ။ နောက်ဆုံးဘယ်လိုမှ မ၀င်နိုင်တော့လို့ ကားတွေ နောက်ကြောင်းပြန်လှည့်သွားရတယ်။ အခုရက်လည်း ဒီအတိုင်းပဲ” ဟု ရွှေစက်တော်ပွဲတော်သို့ နှစ်စဉ်လာရောက်လေ့ရှိသူ ဈေးသည်တစ်ဦးက ပြောကြားသည်။

ထိုသို့ ဘုရားဖူးများ ပြည့်လျှံသည်နှင့်အမျှ တဲကျောင်းခလှေတင်တံတား ဖြတ်သန်းခနှင့် ပွဲတော်တွင်း ကား၊ ဆိုင်ကယ် ၀င်ရောက်ခများအား ဂေါပကအဖွဲ့ သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံမှုများ ရှိနေကြောင်း၊ ယင်းသို့ကောက်ခံသူများအား ဂေါပကအဖွဲ့သို့ တိုင်ကြားနိုင်ပြီး တိုင်ကြားခံရသည့် လုပ်ငန်းရှင်များအား ခံဝန်လက်မှတ် အထိုးခိုင်းထား၍ သုံးကြိမ်ထိ တိုင်ကြားခံရပါက လုပ်ငန်းရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးစဉ်က သတ်မှတ်ဈေးနှုန်းများအား ဗီနိုင်းဆိုင်းဘုတ်များဖြင့် သိသာစွာ ချိတ်ဆွဲရန် ညွှန်ကြားထားကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment