Pages

Monday, March 17, 2014

သထုံမြို့ ရွှေစာရံစေတီတော်မြတ်ကြီး တပေါင်းပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် အထူးစည်ကား


RangonNewsDaily: March . 17 .2014
သထုံရွှေစာရံ ဘုရားပွဲတော်တွင် ဘုရားဖူးများဖြင့် စည်ကားစွာ တွေ့ရစဉ်
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော မွန်ပြည်နယ် သထုံမြို့ရှိ လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇာနိယ တပေါင်းပွဲတော်ကြီးကို မတ် ၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ အနယ်နယ်အရပ်ရပ်မှ
ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ရွှေစာရံစေတီတော်ကြီး၏ တပေါင်းပွဲတော်ကြီးသို့ မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးများ လာရောက်ကြကြောင်း၊ အထူးသဖြင့် ပုဂံဒေသ၊ အညာဒေသများမှ ဘုရားဖူးများ၊ မွန်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများမှ ဘုရားပွဲတော်ကြီး မစခင်ကပင် လာရောက်ကြကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရသည်။

“ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇာနိယ ပွဲတော်ကြီးကို တပေါင်းလဆန်း ၈ ရက်ကနေ တပေါင်းလပြည့်ကျော် ၁ ရက်အထိ ကျင်းပပြုလုပ်ပါတယ်။ မတ် ၁၅ ရက် တပေါင်းလပြည့်နေ့ နံနက် ၅ နာရီအချိန်မှာ ဗုဒ္ဓရုပ်ပွားတော်များကို အနေကဇာတင်ခြင်း၊ ပင့်သံဃာတော်များအား အလှူရှင်များမှ အာရုံဆွမ်းဆပ်ကပ် လှူဒါန်းကာ ဆွမ်းလောင်းလှူခဲ့ခြင်းများ ပြုလုပ်ခဲ့တယ်။

 နေ့ပိုင်းမှာတော့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကို ကျင်းပပါတယ်။ ဒီလက်ဝှေ့ပွဲဟာဆိုရင် အစဉ်အလာကြီးမားပြီး နိုင်ငံကျော် ရိုးရာလက်ဝှေ့သမားတွေ မွေးထုတ်ပေးခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ 

ညပိုင်းမှာတော့ စွမ်းဇာနည်ဇာတ်ပွဲ၊ ရုပ်သေးပွဲနဲ့ အခြားပျော်ပွဲရွှင်ပွဲတွေနဲ့ အစဉ်အလာမပျက် ကျင်းပပြုလုပ်ပါတယ်” ဟု ရွှေစာရံဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

“ဘုရားပွဲတော်မှာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်မှ အစားအသောက်တွေ ရောင်းချတဲ့ဆိုင်တွေနဲ့ လူသုံးကုန်တွေ အိမ်သုံးပစ္စည်းတွေ အစုံအလင် လာရောက်ရောင်းချကြပါတယ်။ ပွဲတော်အစအဆုံး ခုနစ်ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်ငါးသောင်းနှုန်းနဲ့ပဲ သတ်မှတ်ပေးထားပါတယ်” ဟု ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဟန်သိန်းက ပြောကြားသည်။

Eleven Media  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment