Pages

Saturday, March 15, 2014

ယူကရိန်းနယ်စပ်အနီး စစ်ရေး လေ့ကျင့်ခန်းသစ်တစ်ခု ရုရှားပြုလုပ်


RangonNewsDaily: March . 15 .2014
ယူကရိန်း နယ်စပ်အနီး စစ်ရေး လေ့ကျင့်ခန်းသစ် တစ်ခုကို ရုရှားနိုင်ငံက ကြာသပတေးနေ့တွင် စတင်လုပ်ဆောင်လိုက်ပြီး အနောက်နိုင်ငံများက အပြင်းအထန် ဖိအားပေးနေသော်လည်း ကရိုင်း မီးယားဒေသကို ရုရှားနိုင်ငံတွင်းသို့ ပေါင်းစည်းရေး ဆက်လက် လုပ်ဆောင်သွားမည့် လက္ခဏာ ထုတ်ဖော် ပြသလိုက်ကြောင်း Reuters သတင်းတွင် သုံးသပ် ဖော်ပြထားသည်။
ရုရှားနိုင်ငံ၏ လက်ရှိ အပြုအမူများ ပြောင်းလဲမပေးပါက အလွန်ဆိုးရွားသည့် ကပ်ဘေးများ ပေါ်ပေါက်လာမည်ဟု ဂျာမနီ ခေါင်းဆောင် အန်ဂလာမာကယ်က သတိပေး ပြောကြားလိုက်သည်။

ကွန်မြူနစ်အရှေ့ ဂျာမနီနိုင်ငံတွင် မွေးဖွားခဲ့ပြီး ရုရှားစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် ဂျာမနီ ခေါင်းဆောင် မာကယ်မှာ ရုရှားနိုင်ငံ၏ အပြုအမူကို ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည်။


ထို့အပြင် ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသ လွတ်လပ်ရေး ရယူရေး ပြည်သူ့ဆန္ဒ ခံယူပွဲကို တရားမဝင်ဟု သတ်မှတ်မည့် ထုတ်ပြန်ချက် တစ်ရပ်ကိုလည်း အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တင်သွင်းလျက်ရှိသည်။
ယင်းကဲ့သို့သော ဖိအားပေးမှုများ ပေါ်ပေါက်နေသော်လည်း ရုရှားလူမျိုးများကို ကာကွယ်ရန် အိမ်နီးချင်း နိုင်ငံများကို စစ်ရေးအရ ဝင်ရောက် ကျူးကျော်ပိုင်ခွင့် ရှိသည်ဟု ရုရှားနိုင်ငံက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရုရှားလူမျိုး အများစု နေထိုင်သော ကရိုင်းမီယားဒေသကို လက်ရှိတွင် ရုရှား တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီ ဖြစ်သည်။


ရုရှားနိုင်ငံမှာ အတိတ်ကာလ များကလည်း ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်း နိုင်ငံများကို ကျူးကျော် ဝင်ရောက်သော်လည်း ပြင်းထန်သော ဖိအားပေးမှုများ ကြုံတွေ့ရခြင်း မရှိဘဲ နယ်မြေများကို သိမ်းယူခဲ့သည်။


၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံကို ကျူးကျော်ခဲ့ပြီး ခွဲထွက်ရေး ဒေသနှစ်ခုကို သိမ်းယူခဲ့သည်။


လက်ရှိတွင်လည်း ယူကရိန်း နယ်စပ်ဒေသတွင် ရုရှားတပ်ဖွဲ့ဝင် ၈၅၀၀ ကျော် စစ်ရေး လေ့ကျင့်နေပြီး အမြောက်ကြီးများ၊ အတွဲလိုက်ပစ် ဒုံးကျည်များကို စမ်းသပ် ပစ်ခတ်နေကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။


ယင်းကဲ့သို့သော စစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် ဒုတိယအကြိမ်မြောက် လုပ်ဆောင်သော စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ပထမအကြိမ် စစ်ရေးလေ့ကျင့်မှုတွင် စစ်သား ၁၅၀,၀၀၀ ကျော် ပါဝင်ပြီး ယင်းလေ့ကျင့်မှုအပြီး ရက်အနည်းငယ် အကြာတွင် ကရိုင်းမီးယားဒေသကို ရုရှားတပ်ဖွဲ့ဝင်များ သိမ်းပိုက်ခဲ့သည်။


ရုရှားနိုင်ငံက ယင်းကဲ့သို့သော စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းကြောင့် အရှေ့ဥရောပ နိုင်ငံများကို ထောက်ခံကြောင်း ပြသနိုင်ရန် အမေရိကန်နိုင်ငံက ပိုလန်နိုင်ငံ လတ်လေတပ်စခန်းသို့ F-16 တိုက်လေယာဉ်များ စေလွှတ်ပေးခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံကို နိုင်ငံရေးအရ အထီးကျန် ဆန်စေရန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တွင်းသို့ ရုရှားနိုင်ငံ ဝင်ရောက်ရေး ဆွေးနွေးမှုများ ဆိုင်းငံ့ထားမည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။


ယင်းကဲ့သို့သော နိုင်ငံရေး၊ စစ်ရေး ဖိအားပေးမှုများ လုပ်ဆောင်လာခြင်းကြောင့် ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ပါက တုံ့ပြန် လုပ်ဆောင်သွားမည်ဟု မော်စကိုက ထုတ်ပြန် သတိပေးထားသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment