Pages

Wednesday, March 19, 2014

ဆိပ်ခံတံတားအနီးရှိ ဆိုင်ခန်းများ ဖျက်သိမ်းပေးရန် မြန်မာဆိပ်ကမ်း အာဏာပိုင်၏ ညွှန်ကြားချက်ကို ဆိုင်ခန်းရှင်များ ငြင်းဆန်


RangonNewsDaily: March . 19 .2014
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် (၁) ဆိပ်ခံတံတား ဘေးနှစ်ဖက်တွင် Myanmar Irrwaddy Development Public Company Limited (MIDP) က အဆင့်မြင့် ကုန်စည်ဒိုင်နှင့် ဆိပ်ကမ်း တည်ဆောက်ရန် ယင်းအနီးရှိ ဆိုင်ခန်း ၁၁ ခန်းကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် မြန်မာဆိပ်ကမ်း အာဏာပိုင်ရုံး၏ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောကြားသည်။
MIDP သည် ပုသိမ်မြို့ပေါ်ရှိ လုပ်ငန်းရှင်ကြီးများဖြင့် ဖွဲ့စည်းသည့် ကုမ္ပဏီဖြစ်ပြီး တရုတ်အမျိုးသား အများစု ပါဝင်ကြောင်း၊ လုပ်ငန်းငယ်လေးများကို လုပ်ငန်းရှင်ကြီးများက အနိုင်ကျင့်သကဲ့သို့ ရှိပြီး အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးဆိုသည် နားမလည် နိုင်တော့သောကြောင့် ယင်းညွှန်ကြားချက်ကို ငြင်းဆန်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

“ခေတ်အဆက်ဆက် အခွန်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ တာဝန်ကျေခဲ့ပါတယ်။ ဖယ်ပေးပါလို့ ခေါ်ယူညှိနှိုင်းတာလည်း မရှိဘူး။ ဒီကိစ္စ မတရားဘူးလို့ ထင်တယ်။ နိုင်ငံအတွက်၊ ဒေသအတွက် လိုအပ်မယ့် ကျောင်းတို့၊ ဆေးရုံတို့ ဆောက်မယ်ဆိုရင် တစ်မျိုးပေါ့။ ခုကငွေရှင်တွေ အာဏာလက်ကိုင် ရှိသူတွေက အာဏာရှင်ဆန်ဆန် တစ်ဖက်သတ် လုပ်တာ။ 


ဒါ့ကြောင့် ကျွန်တော်တို့ ဖယ်မပေးနိုင်ပါဘူး။ ဥပဒေ ဘောင်အတွင်းက ရင်ဆိုင်မယ်” ဟု အမှတ် (၁) ဆိပ်ကမ်းအနီး ဆိုင်ခန်းများအနက် မုန့်မျိုးစုံ ရောင်းချသည့် ဆိုင်ရှင် ဦးရဲမြင့်ဝင်းက ပြောကြားသည်။

မြို့နယ် စည်ပင်သာယာရေးအတွက် ပုသိမ်မြို့ရှိ လုပ်ငန်းရှင်များ စုပေါင်း၍ MIDP ကုမ္ပဏီကို ဖွဲ့စည်းထားခြင်းဖြစ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ အမှတ် (၁) ဆိပ်ခံတံတားဘေးရှိ ဆိုင်ခန်းများကို ဖျက်သိမ်းပေးရန် အမိန့်ထုတ်ရခြင်း ဖြစ်ပြီး တရားမျှတစွာ ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် ဖြစ်ကြောင်း၊ 


လက်ရှိအချိန်၌ ဆိုင်ခန်းရှင်များနှင့် အပြီးအသတ် ညှိနှိုင်းရခြင်း မရှိသေးဟု မြန်မာဆိပ်ကမ်း အာဏာပိုင် ဧရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိုင်က ပြောဆိုသည်။
“ဖျက်သိမ်းပေးရမယ့် ဆိုင်ခန်းရှင်တွေအတွက် နစ်နာမှုကို MIDP က ဆောင်ရွက်ပေးမှာပါ” ဟု ၎င်းကရှင်းပြသည်။

ပုသိမ်မြို့ကို မော်လမြိုင် ဆိပ်ကမ်းကဲ့သို့ သာယာ လှပလာစေရန် ရေပေါ်ဈေး၊ အဆင့်မြင့် ကုန်စည်ဒိုင်နှင့် ဆိပ်ကမ်း ဆောက်လုပ်နိုင်ရန် MIDP နှင့် စည်ပင်သာယာရေး ဝန်ကြီးတို့က ဆောင်ရွက်လျက် ရှိပြီး ဆိုင်ခန်းရှင်များကို ထပ်မံငှားတော့မည် မဟုတ်ကြောင်း လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် ပြောဆိုထားပြီး ဖြစ်သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းထွန်းက ပြောဆိုသည်။

“၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေနဲ့ အကျုံးဝင်တယ်။ တစ်ဖက်နဲ့တစ်ဖက် သဘောတူညီမှု ရှာရမယ်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးချုပ်က ငှားရမ်းတာ ဖြစ်တဲ့အတွက် ဒီလူတွေက ကျူးကျော်သူတွေ မဟုတ်ဘူး။ ဒါ့ကြောင့် ခုဖယ်ပေးပါ။ ခုဖျက်ပေးပါလို့ နှင်ချလို့မရဘူး။ ငှားရမ်းခ ဥပဒေအောက်မှာ အားလုံးတွေ့ဆုံညှိနှိုင်းပြီး ဆောင်ရွက်ရမယ်” ဟု ပုသိမ်မြို့ရှိ တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။

စည်ပင်သာယာရေး ဦးစီးဌာနက ယင်းဆိုင်ခန်းများကို ၁၉၉၁ ခုနှစ်ခန့်ကပင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရာ ဆိုင်ခန်းများကို တိုးချဲ့ခဲ့ပြီး နှစ်စဉ် သက်ဆိုင်ရာ ဌာနများသို့ အခွန်များ ပေးဆောင်ခဲ့ရကြောင်း၊ မူလက ဆိုင်ခန်းလေးခန်းသာ ရှိသော်လည်း နောက်ပိုင်းတွင် သဘောတူညီမှု စာချုပ်များ ချုပ်ဆို၍ တိုးချဲ့ဆောက်လုပ်ခဲ့ပြီး နှစ် အဆက်ဆက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးသို့ အခွန်ပေးဆောင်ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခြင်း မပြုတော့ဘဲ ၂၀၁၄ ခုနှစ်တွင် မြေငှားခတိုး၍ ပေးဆောင်ခဲ့ရကြောင်း၊ 


ယခုအခါ MIDP က အဆင့်မြင့် ကုန်စည်ဒိုင်နှင့် ဆိပ်ကမ်း ဆောက်လုပ်ရန် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည်ဟု အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု အမှတ် (၁) ဆိပ်ကမ်းရှိ ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment