Pages

Sunday, March 16, 2014

အမြီး ခြောက်တန်း ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ့ရ၍ သိပ္ပံပညာရှင်များ အံ့အားသင့်


RangonNewsDaily: March . 16 .2014
ဦးတိုး (သက္ကသီလ)

အလှည့်ကျ ပြောင်းလဲ ဖြစ်ပေါ်နေသည့် အမြီး အမြောက်အမြား ရှိနေသော ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုကို
နာဆာ (NASA) ၏ ဟာဗယ်လ် အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်၍ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် အကြား၌ တွေ့ရှိရကြောင်း နက္ခတ္တ ပညာရှင်များက ပြောကြား ခဲ့သည်။

ဂြိုဟ်သိမ်ဂြိုဟ်မွှား အများစု ကဲ့သို့ အလင်းစက်ကလေး တစ်ခုအဖြစ် တွေ့ရမည့် အစား ဤတစ်ခုတွင် ကြယ်တံခွန် ကဲ့သို့ ဒါဇင်ဝက်ခန့် ရှိသည့် မြေဖုန်မှုန့် အမြီးများသည် စက်ဘီးခွေ တစ်ခုပေါ်မှ စမုတ်တိုင်များ သဏ္ဌာန် ဗဟိုမှ ရောင်ခြည်များလို ဖြာထွက်၍ နေကြောင်း ကြယ်တံခွန် ဂျာနယ် (ASTRO PHYSICAL JOURNAL) တွင် သိပ္ပံ ပညာရှင်များက ရေးသားတင်ပြ ထားကြသည်။

''ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို မြင်နေရတယ် ဆိုတာ မယုံကြည် နိုင်စရာ ပါပဲ'' ဟု လော့စ် အိန်ဂျလိစ် ကာလီဖိုးနီးယား တက္ကသိုလ် ကမ္ဘာမြေနှင့် သိပ္ပံဌာန (University of California Los Angeles Deparment of Earth and Space Sciences) မှ ဦးဆောင် စူးစမ်းခဲ့သော ပါမောက္ခ ဒေးဗစ်ဂျူးဝစ် (David Jewitt) က ပြောကြား ခဲ့သည်။


''အဲဒါကို တွေ့လိုက်ရတဲ့ အခါ ကျွန်တော်တို့ မှင်တက် မိသွားခဲ့ကြပြီး အံ့သြဖွယ် ကောင်းစွာ သူရဲ့ အမြီး တည်ဆောက်မှုဟာ ထူးထူးခြားခြား မြေဖုန်မှုန့်တွေကို မှုတ်ထုတ်ရင် ၁၃ ရက် တစ်ကြိမ် ပြောင်းလဲလို့ နေပါတယ်''။ အဆိုပါ အရာဝတ္ထုကို ''P/ 2013 P5'' ဟု နာမည် ပေးထားကြသည်။ အနည်းဆုံး ငါးလခန့် တစ်ကြိမ် ၎င်း ဂြိုဟ်သိမ်မှ ဖုန်မှုန့်များကို မှုတ်ထုတ် နေကြသည်ဟု နက္ခတ္တ ပညာရှင်များက ယုံကြည်ခဲ့သည်။


ဂြိုဟ်သိမ်သည် အလွန် လျင်မြန်စွာ လည်ပတ်နေရင်း အစိတ်စိတ် အမြွှာမြွှာဖြစ် သွားဟန် တူပေသည်။ တစ်စုံ တစ်ရာနှင့် ဝင် ဆောင့်မိလိုက်၍ အမြီးများ ဖြစ်ပေါ်နေကြောင်း မယူဆ ခဲ့ကြပေ။ အကြောင်း အရင်းမှာ တစ်ချိန် တစ်ခါတည်း ဖွာဆန်ကြဲသွားခြင်း မဟုတ်သောကြောင့် ဖြစ်ပေသည်။ ဟာဝေယီမှ အဝေးကြည့် မှန်ပြောင်း တစ်ခုဖြင့် ပထမဆုံး လှမ်းမြင်ခဲ့ရပြီး နောက် စက်တင်ဘာ ၁ဝ ရက် က နာဆာ၏ ဟာဗယ်လ် အာကာသ အဝေးကြည့် မှန်ပြောင်းဖြင့် အသေးစိတ်ကို တွေ့ရှိကြရခြင်း ဖြစ်သည်။


အဆိုပါ အရာဝတ္ထုသည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၂ဝဝ ခန့်က ဂြိုဟ်သိမ် တစ်ခုကို ဝင်တိုက်မိပြီး ဖြစ်ပေါ် လာခဲ့ဟန် တူသည်။ 


''ဖုန်မှုန့်များကို ဖြန့်ထုတ်နေသည့် ပုံစံဟာ မလုပ်တစ်ချက် လုပ်တစ်ချက်ဖြင့် ပေါက်ကွဲ ထွက်သွားပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို အဲဒီလို တွေ့ရပြီဆိုရင် နက္ခတ္တ ပညာမှ နောက်ထပ် အတွဲလိုက် ထပ်မံ တွေ့ရှိနိုင်ကြောင်း၊ ဒါဟာ ပထမဆုံး ထူးခြားတဲ့ အရာဝတ္ထု ဖြစ်ပြီး နောက်ထပ် ဧကန် ထပ်မံတွေ့ရမှာ ဖြစ်ကြောင်း'' ဟု ပါမောက္ခ ဒေးဗစ်ဂျူးဝစ် က ရှင်းလင်း ပြောကြား ခဲ့သည်။ ။

 မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment