Pages

Saturday, March 29, 2014

နိုင်ငံရေးပါတီများအကြောင်း သုတေသန မှတ်တမ်းစာအုပ် ထုတ်ဝေချိန် နောက်ဆုတ်


RangonNewsDaily: March . 29 .2014
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ ၅၆ ခုအကြောင်း သုတေသန ပြုလုပ်ထားသည့် စာအုပ် ထုတ်ဝေချိန်ကို နောက်ဆုတ်လိုက်ကြောင်း မြန်မာဖွံ့ဖြိုးရေးသုတေသန (Myanmar Development Research) မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြတ်သဲသစ္စာက ပြောကြားသည်။
ယင်းစာအုပ်တွင် ထည့်သွင်းထားသော အချက်အလက်အချို့မှာ မှားယွင်းနေသောကြောင့် ယခုကဲ့သို့ ထုတ်ဝေချိန် နောက်ဆုတ်လိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဗဟန်းမြို့နယ် မီကာဆာဟိုတယ်တွင် မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော နိုင်ငံရေးပါတီများ၏ အချက်အလက် စုစည်းမှု စာအုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ NGO များထံသို့ ပေးအပ်သော အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စာအုပ်ပေးအပ်ပွဲတွင် သက်ဆိုင်ရာ ပါတီဝင်များက မှားယွင်းနေသော အချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက် ထည့်သွင်းပြီးမှသာ ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဒေါ်မြတ်သဲသစ္စာက ပြောကြားသည်။

အဆိုပါ စာအုပ်တွင် ထည့်သွင်းထားသော နိုင်ငံရေးပါတီအချို့၏ အချက်အလက်များ၊ အမှတ်တံဆိပ်များ လွဲမှားနေသောကြောင့် ပြန်လည် ပြင်ဆင်ပြီး နောက်တွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အားလုံးကို သေချာအောင်၊ ပါတီ အသီးသီးကို ပြင်ဆင်ချက်တွေ ပေးပို့ပြီး သူတို့ဘက်ကလည်း သေချာအောင် စစ်ဆေးပြီးမှ ထုတ်ဝေမှာပါ။ သင်္ကြန်ပြီးလောက်ဆိုရင် ထုတ်ဝေနိုင်ပါပြီ” ဟု ၎င်းကဆိုသည်။


အဆိုပါ စာအုပ်ဖြစ်မြောက်ရေးအတွက် ဂျာမနီနိုင်ငံအခြေစိုက် HEINRICH BOLL STIFTUNG နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများထံမှ အချက်အလက်များကို သုတေသနပြု ထည့်သွင်းထားခြင်း ဖြစ်ကြောင်း မြန်မာဖွံ့ဖြိုးရေး သုတေသန အဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ပါတီတစ်ခု၏ အချက်အလက်များကို သုတေသနပြုခြင်းသည် သမိုင်းကို မှတ်တမ်းတင်ခြင်း ဖြစ်သောကြောင့် အသေးစိတ်ကအစ မှန်မှန်ကန်ကန် ဖြစ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

“နှုတ်တစ်ရာ စာတစ်လုံးလေ၊ အဲဒါတွေက စာအုပ်ထဲမှာ ကျန်ခဲ့မှာ။ အဲဒီစာအုပ်ကလည်း တစ်ချိန်မှာ သမိုင်းဖြစ်သွားမှာလေ၊ ဂရုစိုက်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးပါတီများ၏ အချက်အလက်များကို သုတေသနပြု ထုတ်ဝေခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ပြင်ဆင်ပြီးနောက်တွင် အင်္ဂလိပ်ဘာသာဖြင့် ပူးတွဲပြီး နိုင်ငံရေးပါတီများ၊ NGO များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများထံသို့ အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း မြန်မာဖွံ့ဖြိုးရေး သုတေသနအဖွဲ့ထံမှ သိရသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment