Pages

Saturday, March 29, 2014

ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံး လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ


RangonNewsDaily: March . 29 .2014
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို တာဝန် လစ်ဟင်းမှုဖြင့် မေးခွန်းများ မေးမြန်းထားသော ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံးများလက်ပစ်ဗုံးများဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှမရှိဘဲ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံးများ တိုက်ခိုက်ခံရမှုသည် ရက်သတ္တပတ် တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။

အဆိုပါ ရုံးအနီးတွင် ထိုင်းဝန်ကြီးချုပ်အပေါ် ထောက်ခံသူများ ယခုရက်သတ္တပတ်အတွင်း စုဝေးဆန္ဒပြနေပြီး မည်သူက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်သွားကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ထိုင်းအစိုးရ ဆန်ဝယ်ယူရေး အစီအစဉ်တွင် ဆုံးရှုံးမှု ကြီးမားမှုနှင့် အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းကဲ့သို့ မဖြစ်ပွားအောင် ဝန်ကြီးချုပ်ယင်းလပ်က ကြိုတင် မကာကွယ်နိုင်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ကို တာဝန် လစ်ဟင်းမှုဖြင့် လာမည့် ရက်သတ္တပတ်အတွင်း စုံစမ်း မေးမြန်းရန် ထိုင်းအမျိုးသား အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စီစဉ်ထားသည်။

ထို့အပြင် ထိုင်းလွှတ်တော်ကလည်း ဝန်ကြီးချုပ် ယင်းလပ်ကို ပြစ်တင် စွပ်စွဲရန် စီစဉ်နေပြီး အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အကြံပြုချက်များကို လွှတ်တော်က လက်ခံကျင့်သုံးမည် ဖြစ်သည်။

ထိုင်းလွှတ်တော်က လက်ရှိ ဖြစ်ရပ်ကို လက်ခံ သဘောတူလိုက်ပါက အိမ်စောင့် ဝန်ကြီးချုပ် ယင်းလပ်မှာ ရာထူးမှ နုတ်ထွက်ပေးရမည် ဖြစ်ပြီး ဒုတိယ ဝန်ကြီးချုပ်က ရာထူး လက်ခံရယူမည်ဟု မျှော်လင့်ထားသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များ ပေါ်ပေါက် လာခြင်းကြောင့် ငါးလတာ ဖြစ်ပွားလျက်ရှိသော ထိုင်းအစိုးရ
ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင် ပတ်သက်ခြင်း မရှိဘဲ ချုပ်တည်း နေထိုင်ခဲ့သော ယင်းလပ်အပေါ် ထောက်ခံသူများက တန်ပြန် ဆန္ဒပြပွဲများကို ဧပြီလအတွင်း ကျင်းပရန် စီစဉ်လျက် ရှိသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အရှိန်လျော့ကျ သွားသော်လည်း တနင်္လာနေ့မှ စတင်ပြီး ပြန်လည် အရှိန်ရလာပြီး လမ်းမပေါ်ထွက် ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်လာသည်။

လာမည့် စနေနေ့တွင် ကျင်းပမည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လူပေါင်း ၅၀,၀၀၀ ကျော် ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်၏ လုံခြုံရေး အကြံပေး ပါရာဒွန်က ပြောကြားသည်။

လက်ရှိ ဝန်ကြီးချုပ် ယင်းလပ်၏ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်း၍ ရာထူးမှ ဖြုတ်ချပြီးသည့် နောက်တွင် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများ စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ ပြီးခဲ့သည့် နိုဝင်ဘာလတွင် လမ်းမပေါ်ထွက် ဆန္ဒပြမှုများ လုပ်ဆောင်ပြီးသည့် နောက်တွင် မတည်ငြိမ်မှုများ ထပ်မံပေါ်ပေါက်လာခဲ့ပြီး လူပေါင်း ၂၃ ဦး သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း ထိုင်းအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက တရားမဝင်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယင်းလပ်မှာ အိမ်စောင့် ဝန်ကြီးချုပ် တာဝန်သာ ထမ်းဆောင်နေရပြီး အရေးပါသော ဆုံးဖြတ်ချက်ကြီးများကို ချမှတ်နိုင်ခြင်းမရှိ ဖြစ်နေသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment