Pages

Saturday, March 29, 2014

လှိုင်သာယာမြို့နယ်ရှိ ရွှေကမ်းသာယာ အိမ်ရာစီမံကိန်း အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေကို ခြံခတ်သည့် ချင်စု-မြန်မာကုမ္ပဏီ လုပ်သားများနှင့် တားဆီး လယ်သမားများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ ဒေသခံခြောက်ဦး ဆေးရုံရောက်


RangonNewsDaily: March . 29 .2014
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေကမ်းသာယာ အိမ်ရာစီမံကိန်း ပြုလုပ်နေသည့် အပြင်ပဒံကျေးရွာ၊ မြေကွက် အမှတ် (၁၅)၊ကွင်းအမှတ် ၃၇၁၊ ၃၇၂ရှိ မြေယာဧက ၃၀ ပိုင်ဆိုင်မှုအပေါ် ချင်စု-မြန်မာ ကုမ္ပဏီနှင့် လယ်ပိုင်ရှင် သုံးဦးတို့ကြား အငြင်းပွား ကာလတွင် ကုမ္ပဏီဘက်က အဆိုပါ ဧရိယာအတွင်း ခြံစည်းရိုးခတ်ခဲ့သည့် အတွက် တားဆီးသည့် လယ်သမားများနှင့် အပြန်အလှန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ခြောက်ဦး ဆေးရုံရောက်ခဲ့သည်။
မတ် ၂၈ ရက် နံနက် ၇ နာရီခန့်က အဆိုပါ အငြင်းပွား မြေဧရိယာများအတွင်း ကုမ္ပဏီဘက်မှ လုပ်သားအင်အား ၇၀၀ ခန့်ဖြင့် ခြံစည်းရိုးခတ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လာရောက် တားဆီးသည့် လယ်သမားများကို ကုမ္ပဏီ အလုပ်သမားများက လေးခွထဲတွင် မူလီ(ကုန်းသီး)ထည့်၍ ပစ်ခတ်ခြင်း၊ မီးတုတ်များဖြင့် ပစ်ခတ်မှုကြောင့် လယ်သမားလေးဦး အပြင်လမ်းသွား လမ်းလာနှစ်ဦးပါ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒဏ်ရာရသွားသည့် လယ်သမားများက ပြောကြားသည်။

"လူ၇၀၀ကျော်လောက်နဲ့လာပြီး အင်အားသုံး ခြံခတ်သွားတယ်။ သွားတားဖို့လုပ်တော့ ကုန်းသီးနဲ့ အပစ်ခံလိုက်ရတယ်" ဟု နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိသွားသူ လယ်သမားတစ်ဦးက ဆိုသည်။

အဆိုပါ အငြင်းပွားမြေဧရိယာ ဧက ၃၀ မှာ ဦးထွန်းရီ၊ ဦးစောအုန်း၊ ဦးစိန်လွင် လယ်သမားသုံးဦးနှင့် ကုမ္ပဏီတို့ အငြင်းပွားနေခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် တရားစွဲဆိုမှုများလည်းရှိကာ လက်ရှိအချိန်ထိ ၎င်းတို့၏အမှုမှာ စစ်ဆေးနေဆဲဖြစ်ပြီး လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မရှင်ကလည်း အငြင်းပွားနေစဉ်အတွင်း ဆက်လက် ဆောက်လုပ်ခြင်းများ မပြုလုပ်ရန် ကုမ္ပဏီအပြင် သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

ကျွန်တော်တို့က လျော်ကြေးလုံးဝ မယူသေးပါဘူး။ ကုမ္ပဏီဘက်က ပေးတာက နည်းနေလို့ ကျွန်တော်တို့နဲ့ညှိနှိုင်းတဲ့ ကာလရှိသေးပါတယ်။ ဒီလိုမျိုးကာလမှာ ခြံစည်းရိုးကို အင်္ဂတေနဲ့ကာတာ လုံးဝလက်မခံပါဘူး...
လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးထွန်းရီက "ကျွန်တော်တို့က လျော်ကြေးလုံးဝ မယူသေးပါဘူး။ ကုမ္ပဏီဘက်က ပေးတာက နည်းနေလို့ ကျွန်တော်တို့နဲ့ညှိနှိုင်းတဲ့ ကာလရှိသေးပါတယ်။ ဒီလိုမျိုးကာလမှာ ခြံစည်းရိုးကို အင်္ဂတေနဲ့ကာတာ လုံးဝလက်မခံပါဘူး" ဟု ဆိုသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်မှ တာဝန်ရှိသူအား မေးမြန်းနိုင်ရန် သွားရောက်စုံစမ်း ခဲ့သော်လည်း အလုပ်သမားများမှ လုပ်ငန်းခွင်တွင် မရှိကြောင်းပြန်လည် ဖြေကြားခဲ့ပြီး လုပ်ငန်းခွင် တာဝန်ခံဟုဆိုသည့် ကိုမောင်မောင်ကျော်၏ လက်ကိုင်ဖုန်းအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသည်။

လယ်သမားအရေး ဆောင်ရွက်သည့် ကိုအောင်ဖြိုးကိုက "တရားရုံးမှာ ပိုင်နက်ကျူးကျော်မှုတွေ၊ အကျိုးစီးပွား ပျက်စီးစေလိုမှု တွေနဲ့လည်း အပြန်အလှန် တရားစွဲထားပြီး အမှုရင်ဆိုင်နေပါတယ်။ ကုမ္ပဏီဘက်က လျော်ကြေးပေးပေမယ့် လယ်သမားတွေ လိုချင်တဲ့ ပမာဏလောက်ကို မပေးသေးပါဘူး။ အဲဒီလိုမပြေလည် သေးတဲ့အချိန်မှာ သူတို့က အခုလိုအင်အားသုံး ခြံခတ်မှုတွေပြုလုပ်လို့ လယ်သမားတွေ ဒဏ်ရာရတာပါ" ဟု ပြောကြားသည်။

အလားတူ ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးဖြစ်သည့် ဦးအောင်သန်းက "ကျွန်တော်က ဒီလိုဖြစ်နေတာ မသိပါဘူး။ မနက်က ဒီလမ်းထဲကနေ စက်ဘီးစီးပြီး ဖြတ်သွားတော့ ကျွန်တော့်ကို ကုန်းသီးလာမှန်ပါတယ်။ ဒီလိုမျိုးမင်းမဲ့ စရိုက်ဆန်ဆန် လုပ်နေတာက တရားဥပဒေကို စော်ကားရာ ရောက်ပါတယ်" ဟုပြောကြားသည်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာနေရာသို့ လှိုင်သာယာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လာရောက်လုံခြုံရေး ရယူခဲ့ရကြောင်း သိရသည်။ သောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ်ချစ်ကိုကိုက "ကျွန်တော်တို့က ရာဇ၀တ်မှုတွေထပ်ပြီး မဖြစ်အောင်လို့လာပြီး လုံခြုံရေးယူပေးတာပါ။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေဘက်က အမှုဖွင့်ခဲ့ရင်တော့ ဥပဒေနဲ့အညီ အရေးယူသွားမှာပါ။ အခုလက်ရှိကတော့ အမှုဖွင့် တိုင်ကြားတာ မရှိသေးပါဘူး" ဟု မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြောကြားသည်။

အခင်းဖြစ်ပွားမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက မေးမြန်းစုံစမ်းမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment