Pages

Saturday, December 28, 2013

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ဓာတ်လှေကား ချို့ယွင်းရာမှ နှလုံးရောဂါ လူနာတစ်ဦး သေဆုံး

RangonNewsDaily:: December . 28 .2013
လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ခုတင် ၂၀၀ ဆံ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၂၀ ခန့်က ဓာတ်လှေကား စက်ချို့ယွင်းရာမှ အသက် ၂၆ နှစ်အရွယ် နှလုံးရောဂါလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြောကြားသည်။
အဆုတ်ရေဝင်ခြင်းနှင့် နှလုံးဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူ ကိုအောင်ဇော်မျိုးမှာ အဆိုပါဆေးရုံ ဒုတိယထပ်တွင် ဆေးဝါးကုသမှု ခံယူနေကြောင်း၊ ၎င်းသည် လူနာတင်လှည်းဖြင့် မိသားစုဝင် နှစ်ဦးနှင့် အတူ မြေညီထပ်တွင် CT Scan ၏ စစ်ဆေးမှု ခံယူပြီးနောက် ဓာတ်လှေကားဖြင့် ပြန်တက်လာစဉ် ဓာတ်လှေကား စက်ချို့ယွင်းရာမှ သေဆုံးခဲ့ကြောင်း ဒေါက်တာမြသောင်းက ရှင်းပြသည်။

ကိုအောင်ဇော်မျိုး ဆေးဝါးကုသနေသော ဒုတိယထပ် အရောက်တွင် ဆေးရုံဝန်ထမ်းတစ်ဦးက လူနာတင်လှည်းကို ဓာတ်လှေကားတွင်းမှ အပြင်သို့ ထုတ်နေချိန် ဓာတ်လှေကား စက်ချို့ယွင်းကာ ယင်းအထပ်တွင်ပင် ဓာတ်လှေကားအပေါ်သို့ အတော်မြင့်တက် သွားကြောင်း၊

ယင်းကဲ့သို့ ဖြစ်ပွားချိန် လူနာတင်လှည်းမှာ ဓာတ်လှေကား တံခါးဖြင့် ညပ်ပါသွားခဲ့ပြီး ဒုတိယထပ် ဓာတ်လှေကား ဝင်ပေါက် ထွက်ပေါက်တံခါးနှင့် လေးလက်မ အလိုတွင် ရပ်တန့်သွားရာမှ လူနာ သေဆုံးခဲ့ကြောင်း၊

၎င်းသေဆုံးသူသည် ဒူးခေါင်းနှစ်ဖက် ပွန်းပဲ့ဒဏ်ရာများလည်း ရရှိကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“စက်ချို့ယွင်း သွားချိန်မှာ လူနာက နှလုံးရောဂါလည်း ရှိတော့ ရှောခ့် ဖြစ်သွားတာပါ၊ ဓာတ်လှေကားကိုလည်း လတိုင်း ဆားဗစ်လုပ်ပါတယ်” ဟု ခုတင် ၂၀၀ ဆံ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ဆေးရုံ အုပ်ကြီး ဒေါက်တာမြသောင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အရှေ့ဖျားရွာတွင်နေသူ ကိုအောင်ဇော်မျိုးသည် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) တွင် ဆေးကုသမှု ခံယူနေသည်မှာ တစ်လကျော် ကြာမြင့်နေချိန်တွင် ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံထံမှ သိရှိရသည်။

အဆိုပါ ဓာတ်လှေကားမှာ ဂျပန် နိုင်ငံထုတ် Yasawa အမှတ်တံဆိပ် ဖြစ်ပြီး လူ ၁၅ ဦး စီးနင်းနိုင်သော ဓာတ်လှေကား ဖြစ်ကြောင်း၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံကို ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ထံမှ သိရှိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းအမှတ် ၇/၁၃ ဖြင့် ဖွင့်လှစ် စစ်ဆေးနေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice ::--kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment