Pages

Thursday, November 21, 2013

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော် နိုင်ငံကူးလက်မှတ်နှစ်ရက်အတွင်းရ

RangonNewsDaily:: November . 21 .2013
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၈ ရက်ကရောက်ရှိနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံကူးလက်မှတ်ရရှိပြီဖြစ်သဖြင့် ချင်းမိုင်တွင် ပြုလုပ်မည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲသို့ ရန်ကုန်မှ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် တွင်ထွက်ခွာမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်းဂွန်ဂျာက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်သို့လာရောက်သည့်ခရီးစဉ်တွင်း နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းသည် ကေအိုင်အိုနှင့် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းတို့၏ မြစ်ကြီးနားဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် ယုံကြည်မှုတစ်စုံတစ်ရာဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာမှ နည်းပညာအထောက်အကူ ပြုအဖွဲ့ဝင်ဖြစ်သူ ဦးလှမောင်ရွှေကဆိုသည်။

နိုဝင်ဘာလ ၂၂ နှင့် ၂၃ ရက်တို့တွင် ထိုင်းနိုင်ငံချင်းမိုင်၌ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ကေအိုင်အိုအနေဖြင့် အစိုးရမှတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ပေးပို့ထားသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို တိုင်းရင်းသားလက် နက်ကိုင်အားလုံးမှ ၀ိုင်းဝန်းဆွေးနွေးမည့်အထဲတွင် ပါဝင်မည်ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကိုတက်ရောက်ရန်အတွက် ဗိုလ်ချုပ်ဂွမ်မော်သည် ရန်ကုန်သို့အစိုးရ၏စီစဉ်ပေးမှုဖြင့် ပထမဦးဆုံးလာရောက်ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဗိုလ်မှူးကြီးလအောင်၊ ဗိုလ်မှူးကြီး စင်ဟွာနှင့် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုနည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးတို့လည်း ပါဝင်ကြ သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်ဦးလမိုင်းဂွန်ဂျာက “ဒီဆွေးနွေးပွဲကိုသွားဖို့ ဒီဆွေးနွေးပွဲကနေပြီး အစိုးရကပေးလာတဲ့ စာချုပ်မူကြမ်းကိုဝိုင်းဆွေးနွေးကြမယ်။ ဆွေးနွေးရရှိလာတဲ့ အချက်တွေကို ဒီဇင်ဘာမှာလုပ်မယ့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ MCCT နဲ့အစိုးရဖက်နဲ့ ဆွေး နွေးတဲ့အချိန်မှာ ပြန်ပြီးပြောမယ်” ဟု ပြောသည်။

လက်ရှိအစိုးရလက်ထက် အပစ်ရပ်ဆောင်ရွက်ပြီးနောက် ဗိုလ်ချုပ်ဂွမ်မော် (KIA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ညီညွတ်သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP) နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များမှ ခေါင်းဆောင်ပေါင်း (၄၀) ခန့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးခဲ့ပြီ ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ရန်ကုန်သို့ နိုဝင်ဘာလ ၁၈ ရက် နံနက်အစောပိုင်းကရောက်ရှိခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်သံအမတ်အပါအ၀င် ရန်ကုန်ရောက်ကချင်လူမှုအဖွဲ့အစည်းများ၊ ၈၈ မျိုးဆက်ကျောင်းသားငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

နိုဝင်ဘာ ၂၁ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် ထိုင်းအဲဝေးလေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်၊ ဘန်ကောက်မှ ချင်းမိုင်သို့သွားရောက်မည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment