Pages

Friday, November 8, 2013

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် အဆောင်ပေးမည်

RangonNewsDaily:: November . 8 .2013
အစိုးရသစ်လက်ထက် ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် (COE) တို့တွင် လာမည့် ဒီဇင်ဘာလ၌ ဖွင့်လှစ်မည့် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှ စတင်ကာ နယ်ကျောင်းသားများ အတွက် အဆောင်များ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က The Voice သို့ ပြောကြားသည်။

ယင်းတက္ကသိုလ် အဆောင်များ စီစဉ်ပေးရန် အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီက သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသို့ အဆိုပြုလွှာ တင်သွင်းထားပြီး နိုဝင်ဘာလ ၇ ရက်နေ့ထိ တရားဝင် မထုတ်ပြန်သေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ကျောင်းသားဆောင်များကို နယ်ကျောင်းသား ၊ ကျောင်းသူများ အတွက် သတ်မှတ်ထားပြီး အခကြေးငွေ အတွက်မူ အတည်မပြုနိုင်သေးကြောင်း ၊ ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ယခု ပညာသင်နှစ်၌ နယ်ကျောင်းသားများကို စတင် လက်ခံထားပြီး လူဦးရေ ၈၀ ခန့် ရှိကြောင်း ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က ပြောဆိုသည်။
“လူဦးရေ မသတ်မှတ်ထားဘူး။ လျှောက်တဲ့ သူတိုင်းကို ပေးမယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝင်ခွင့် ရရှိသည့် အမြင့်ဆုံး ရမှတ်မှာ ၅၅၃ မှတ် ဖြစ်ပြီး အနိမ့်ဆုံး ဝင်ခွင့်ရမှတ်မှာ ၅၀၂ မှတ် (ကျား) နှင့် ၄၉၆ မှတ် (မ) တို့ ဖြစ်ကြောင်း၊ ပညာသင်နှစ် တစ်နှစ်လုံးစာဝင်ခွင့် ဦးရေမှာ ၃၀၅ ဦး ဖြစ်ကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ် (COE) က စုံစမ်း သိရှိရသည်။

ယင်းရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များသည် စာသင်နှစ် ခြောက်နှစ် သက်တမ်းရှိ အင်ဂျင်နီယာဘွဲ့ (B.E) ကို တိုက်ရိုက်ပေးသော သီးသန့် တက္ကသိုလ်များ ဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ရပ်နားခဲ့သော ဘွဲ့ကြိုတန်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ခဲ့သည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment