Pages

Monday, November 4, 2013

လက်ကျန်နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ယခုလအတွင်း ထပ်လွှတ်ဖွယ်ရှိ

RangonNewsDaily:: November . 4 .2013
လက်ကျန်နိုင်ငံရေး အကျဉ်းသားများထဲမှ ၆၀ ကျော်ကို ယခုလအတွင်း ထပ်မံလွှတ်ပေးဖွယ်ရှိသည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီဝင် ဦးညိုထွန်းက မဇ္စျိမကို ပြောသည်။ “ဒီလအတွင်းထဲမှာတော့ လွတ်ဖို့ရှိတာပေါ့။ ဒါပေမဲ့ ဘယ်နှစ်ယောက် ဘယ်သူတွေ ပါမလဲဆိုတောတော့ အစ်ကိုတို့ မခန့်မှန်းနိုင်ဘူး” ဟု ဦးညိုထွန်းက ဆိုသည်။

ကော်မတီကစိစစ်ပြီးသည့် ယင်းနိုင်ငံရေးအကျဉ်း သား ၆၃ဦး၏ အမည်စာရင်းကို အောက်တိုဘာနောက်ဆုံးပတ်က သမ္မတထံ ပေးပို့ထားပြီးဖြစ်သည်ဟု သိရသည်။

အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ၁၁ ကြိမ်ပေးထားပြီးဖြစ်သော်လည်း ကော်မတီ၏ စာရင်းအရ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၄၇ယောက်ရှိနေပြီး စာရင်းပျောက်နေသူ ၂၁ ဦး၊ ပုဒ်မ ၁၈ ဖြင့် ပြစ်ဒဏ်ကျခံနေ ရသူ ၁၅ဦးနှင့် အခြားပုဒ်မများနှင့်ပါ ငြိစွန်းနေသူ၄၈ ဦးတို့ကိုမူ မစိစစ်နိုင်သေးကြောင်း သိရသည်။

“စိစစ်ဖို့လိုတယ်ဆိုတာက နိုင်ငံရေး ပုဒ်မတွေ ပါတယ်ဆိုပေမယ့်လို့ မူးယစ်ဆေးဝါးမှုတွေ၊ လူသတ်မှုတွေ ပါနေတာမျိုးပေါ့။ အဲ့ဒါတွေကို အမှုတွဲတွေ ပြန်စိစစ်ဖို့ လိုတယ်လို့ အဲ့လိုတော့ တင်ပြထားတယ်” ဟု ဦးညိုထွန်းက ရှင်းပြသည်။

သမ္မတဦးသိန်းစိန်က ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုနှစ် ကုန်တွင်လွတ်ပေးမည်ဟု ဇူလိုင်လအတွင်း သွားရောက်ခဲ့သည့် လန်ဒန်ခရီးစဉ်တွင် ပြောဆိုထားသကဲ့သို့ လစဉ် ရေဒီယို မိန့်ခွန်းများမှ တစ်ဆင့်လည်း ယင်းကို ထုတ်ဖော်ပြောဆိုထားသည်။ ယင်းသို့ပြောဆိုထားမှု အလုပ်ဖြစ် မဖြစ် ကို ဆန်းစစ်ရန် ရက်ပေါင်း ၅၀ ကျော်သာ လိုတော့မည် ဖြစ်သည်။

သို့သော် လက်ရှိတွင် ပုဒ်မ ၁၈ ဖြင့် ဆက်လက်ဖမ်းဆီးအရေးယူမှုများ ရှိနေသေးခြင်းကြောင့် သမ္မတ ပြောဆိုထားသကဲ့သို့ နှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ပေးမည်မှာ မဖြစ်နိုင်သေးကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက စက်တင်ဘာ ဒုတိယပတ်အတွင်းက မဇ္ဈိမကို ပြောဆိုသည်။

ကော်မတီအနေဖြင့်မူ သမ္မတ၏ ကတိစကားအတိုင်း အမြန်ဆုံး လွှတ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဦးညိုထွန်းက ဆိုသည်။ “သမ္မတ ကတိစကားအတိုင်း အမြန်ကြိုးစားပြီး အတတ်နိုင်ဆုံး စိစစ်သွားမယ် ပြောတယ်” ဟု ၎င်းက ပြောသည်။ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည်။

ကော်မတီသည် နိုင်ငံရေးအကျဉ်းသားဟူသည့် အဓိပ္ပာယ်ကိုဖွင့်ဆိုရပြီး လွှတ်ခွင့်ပြုမည့် နိုင်ငံရေးအကျဉ်းသားများ၏ သတ်မှတ်ချက်ကို ညှိနှိုင်းရေးဆွဲခြင်း၊ စိစစ်၍ လွှတ်ပေးသင့်သူများကို လွှတ်ပေးနိုင်ရေး ညှိ နှိုင်းခြင်းတို့ တာဝန်ယူဆောင်ရွက်ခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို သမ္မတဦးသိန်းစိန်ထံ တင်ပြခြင်း တာဝန်များကို ထမ်းဆောင်နေသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment