Pages

Sunday, October 27, 2013

တမန်တော်မြတ်ကို စော်ကားထားသော Fitana ဇာတ်ကားထုတ်လုပ်သူ ဟဂ်ျပြုရင်း ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိ


RangonNewsDaily:: October. 27 .2013
တစ်ချိန်က မွတ်စလင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့ပြီး တမန်တော်မုဟမ္မဒ်အပေါ် အထင်အမြင်လွဲမှားစေရန် စော်ကားမော်ကား ရိုက်ကူးထားသော ရုပ်ရှင်(Fitna)ဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိခဲ့သူသည် မကြာသေးမီက အစ္စလာမ့်အရှိတရားကို လက်ခံယုံကြည်လာခဲ့ပြီးနောက် ယခုနှစ် ဟဂ်ျရာသီ၌ ဟဂ်ျကျင့်စဉ်အတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ “နှလုံးသားထဲက ယုံကြည်မှုအပြည့်နဲ့ ပြုလုပ်ရတဲ့ ဒီဟဂ်ျကျင့်စဉ်အတွင်းမှာ ကျွန်တော့်ကို ကျွန်တော် တွေ့ရှိသွားပါပြီ”ဟု ဒတ်ခ်ျလွှတ်တော်အမတ် Wilders ၏ Freedom Party ၀င်ဟောင်းတစ်ဦးလည်း ဖြစ်ခဲ့သူ Arnoud Van Doorn က ပြောဆိုခဲ့ကြောင်း ဆအူဒီဂေဇက်သတင်းဌာနက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖော်ပြသည်။

“ကျွန်တော့်ရဲ့ အချိန်လွန်နောင်တတွေနဲ့အတူ ၀မ်းနည်းမျက်ရည်တွေက ကျွန်တော့်အပြစ်တွေကို ဆေးကြောပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု မျက်ရည်အရွှဲသားဖြင့် ၎င်းက ဆိုသည်။

ဒွန်းသည် နယ်သာလန်နိုင်ငံ၏ အစွန်းရောက် လက်ဝဲပါတီဖြစ်သော Freedom Party(PVV)မှ ပါတီဝင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဘာသာတရားနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီးနောက် အစ္စလာမ်အေးရိပ်ဆာယာသို့ ပြောင်းလဲ ခိုလှုံလာခဲ့သူဖြစ်သည်။

အစ္စလာမ်နှင့် ကုရ်အာန်ကျမ်းစာကို အကြမ်းဖက်မှုအဖြစ် သရုပ်ဖော်ထားပြီး ဘာသာတရားတစ်ခု အပေါ် ကျူးလွန်စော်ကားထားသော ၎င်း၏ Fitna ဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိရာတွင်လည်း ယင်းပါတီခေါင်းဆောင်တို့က အားပေးကူညီခဲ့ကြသည်။

သို့သော် အဆိုပါ ရုပ်ရှင်အား မွတ်စလင်တို့က အုတ်အော်သောင်းနင်း ကန့်ကွက်ခဲ့ကြပြီးနောက် အစ္စလာမ်နှင့် တမန်တော်မုဟမ္မဒ်အကြောင်းကို ထဲထဲဝင်ဝင် ပိုမိုလေ့လာခဲ့သည်။ ထိုသို့ ဂဃနဏ လေ့လာမှုကပင် ၎င်းအား အစ္စလာမ်ဘာသာဝင်အဖြစ်သို့ ကူးပြောင်းလာစေခဲ့သည်။
ထိုအချိန်မှစ၍ မြင့်မြတ်သော ၀တ်ကျောင်းတော်ရှိရာနယ်မြေသို့ ခြေချခွင့်ရသည်အထိ မိမိဘ၀၏ အကောင်းဆုံး နေ့ရက်များ၌ ရှင်သန်ခွင့်ရခဲ့သည်ဟု ဒွန်းက ဖွင့်ဟခဲ့သည်။ ထို့ပြင် ဟဂ်ျကျင့်စဉ် ပြီးဆုံးကာ အိမ်မပြန်ချိန်အထိ မဒီနာရွှေမြို့တော်တွင် အချိန်များများပေးကာ နေထိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ယခုအခါ နယ်သာလန်နိုင်ငံ၏ လူဦးရေ ၁၆ သန်းတွင် မွတ်စလင် ၁ သန်းခန့်ရှိပြီး အများစုမှာ တူရကီနှင့် မော်ရိုကိုမျိုးနွယ်များမှ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ဒတ်ခ်ျလူမျိုးတို့၏ အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင် ယုံကြည်မှုနှုန်းမှာ ၁၂၀၀၀ မှ ၁၅၀၀၀ ထိ တိုးတက်လာကြောင်း သိရသည်။

---- အာဘတ်ဖြေမှု -------

မုန်းတီးမှု အသားပေးရိုက်ကူးခဲ့သော Fitna ရုပ်ရှင်အား ထုတ်လုပ်မှုကြောင့် ခါးသီးသော နောင်တများကိုသာ ရရှိခဲ့ကြောင်းနှင့် မြင့်မြတ်သောနယ်မြေတွင် ၎င်း၏ အပြစ်များကို အာဘတ်ဖြေမည်ဖြစ်ကြောင်း ဒွန်း က ပြောဆိုသည်။

“တမန်တော်မြတ်ရဲ့ ရောင်ဇွာတော်(သင်္ချိုင်းတော်)ရှေ့မှာ ရပ်ရမှာကို ကျွန်တော် ရှက်မိပါတယ်။ ဒီလို တမန်တော်ကို စော်ကားမော်ကားပြုထားတဲ့ ရုပ်ရှင်ကို ထုတ်လုပ်မိတဲ့အတွက် ကျွန်တော့်ဘ၀မှာ ကြီးလေးတဲ့ အမှားတစ်ခုကို ကျူးလွန်မိတယ်လို့ တွေးနေမိပါတယ်”
“ကျွန်တော့်ရဲ့ သောင်ဝ်ဗာ(အမှားဝန်ချတောင်းပန်မှု)ကို အလ္လာဟ်အရှင် လက်ခံပြီး ခွင့်လွှတ်ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”

၎င်းအနေနှင့် မြင့်မြတ်သော မက္ကာမြို့နှင့် မဒီနာမြို့တို့သို့ လာရောက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးတော့မဟုတ်ပေ။

၎င်း၏ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ပြီး စတင်ကူးပြောင်းမှုအပြီးတွင် မက္ကာရွှေမြို့တော်၌ တမန်တော်မြတ်ဗလီ၏ အီမာမ်ရှေ့ဆောင်နှစ်ဦးဖြစ်သော ရှိုတ်ခ်အလီအလ်ဟုဒိုင်ဖီနှင့် ရှိုတ်ခ်ဆာလေ အလ်ဗဒရ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ကအ်ဗာကျောင်းတော်ကြီးတွင်လည်း အွမ္မာရာဝတ်ပြုမှုကို ပြုခဲ့သေးသည်။

အီမာမ်ရှေ့ဆောင်နှစ်ဦးက ၎င်းအား မွတ်စလင်ကောင်းတစ်ဦး၏ ဘ၀အား မည်သို့ တည်ဆောက်ရမည်၊ အနောက်ကမ္ဘာတွင် ရင်ဆိုင်နေရသော အစ္စလာမ်နှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို စသည်တို့ကို ဟောပြောညွှန်ပြပေးခဲ့ကြသည်။
မဒီနာမြို့တော်တွင် ပျော်ရွှင်မိကြောင်း ဒွန်းက ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြသည်။

“မဒီနာက မြင့်မြတ်တဲ့ ရောင်ဇွာတော်မှာ ၀တ်ပြုမှု”ဟု ဒွန်းက ရေးသားသည်။
“တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်မှ အီမာမ်ရှေ့ဆောင်ဖြစ်သူ H.E Ali Al Hudayfee နှင့် တွေ့ဆုံရသည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှသည်”ဟုလည်း တခြားတစ်နေရာတွင် ရေးသားထားသည်။

Onislam.net တွင် ဖော်ပြထားသော Fitna Producer Performs Hajj အား စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။

Myanmar Muslim Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment