Pages

Sunday, October 6, 2013

ငွေကြေးနှင့် ဘဏ်ဆိုင်ရာ ဥပဒေ ၁၃ ခု ပြင်ဆင်ရန် ကျန်ရှိ

RangonNewsDaily:: October. 6 .2013

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ခေတ်နှင့်မညီသည့် ဘဏ်များ၊ ငွေကြေးနှင့် သက်ဆိုင်သည့် ဥပဒေ ၁၈ အနက်ငါးခုကို ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ပြုပြင်ပြီး လွှတ်တော်က အတည်ပြုပြီး ဖြစ်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြားသည်။ မြန်မာနိုင်ငံ ဘဏ်များ အသင်းရုံးချုပ်တွင် ငွေရေးကြေးရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်း ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရေး အတွက် ပုဂ္ဂလိက ဘဏ်များနှင့် တွေ့ဆုံစဉ် အောက်တိုဘာ ၅ ရက်၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဥပဒေကော်မတီက ပြင်ဆင်ရန် ကျန်ရှိသေးသည့် ဥပဒေ ၁၃ ခုအနက် လေးခုမှာ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ဗိုလ်ချုပ် ရန်ပုံငွေ အက်ဥပဒေ၊ အာမခံဥပဒေ၊ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ၊ ငွေစုဘဏ်များ ဥပဒေ အပါအဝင် ဥပဒေကိုးခုကို ပြင်ဆင်ရာတွင် ထိုသို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။

ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ပြီး ခေတ်နှင့် မလျော်ညီသော အချက်များကို ပြင်ဆင်ရာတွင် ကျင့်သုံးနေသည့် သူများက အဆိုပါ ဥပဒေတွင်ပါသည့် အခက်အခဲများကို ပိုမိုသိရှိနိုင်မည် ဖြစ်သည့်အတွက် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ရင်းနှီးမြှုပ်နှံမှုဘဏ်၊ ကူးသန်း ရောင်းဝယ်ရေးဘဏ်နှင့် ဖွံ့ဖြိုးရေး ဘဏ်များကို စည်းကမ်းဥပဒေ ထုတ်ပြန် ဖွဲ့စည်းသင့်ပြီး ဘဏ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ဥပဒေတွင်ပါသည့် အချက်အချို့ကို ပြင်ဆင်သင့်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။
“ဘဏ်လုပ်ငန်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ အချို့အချက်တွေကို ပြင်ဆင်သင့်တယ်။ လျှော့ပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို လွှတ်တော်တွင် တင်ပြဆွေးနွေးပြီးမှ နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နိုင်ခွင့် ပြုနိုင်မည် ဖြစ်ကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ငွေကြေးဆိုင်ရာ အဖွဲ့အစည်း ဥပဒေကို နဝမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် တင်ပြသွားမည် ဖြစ်ပြီး အခြားပြင်ဆင်ရန် ကျန်သည့် ဥပဒေများကို ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွင် ပြင်နိုင်ရန်အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဦးအောင်သောင်းက ပြောကြားသည်။
The Voice ::--RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment