Pages

Monday, October 28, 2013

အစိုးရ၏အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းရေးအစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ၀ါရှင်တန်တွင်ချီတက်ဆန္ဒပြ

RangonNewsDaily:: October. 28 .2013
အမေရိကန်အစိုးရ၏ အွန်လိုင်းစောင့်ကြည့်ထောက်လှမ်းရေးအစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ၀ါရှင်တန်မြို့တွင်ဆန္ဒပြသူများက လွှတ်တော်အဆောက်အုံရှိရာ Capitol Hill သို့ စနေနေ့က ချီတက်ခဲ့ကြကြောင်း အောက်တိုဘာ ၂၇ ရက်က ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။

အမေရိကန်အစိုးရ၏ ကျယ်ပြန့်လှသည့် စောင့်ကြည့်ထောက်လှမ်းရေး အစီအစဉ်များကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီအရာရှိဟောင်း အက်ဒ်ဝါ့ဒ်စနိုးဒန် (Edward Snowden) က ယခုနှစ်အတွင်း တွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများသည် “လူထုအတွင်းအကြီးအကျယ် ထောက်လှမ်းနေခြင်းကို ရပ်ပေးပါ”၊ “အက်ဒ်ဝါ့ဒ်စနိုး ဒန်ကိုကျေးဇူးတင်ပါသည်”၊ “စောင့်ကြည့်ရေးအစီအစဉ်များ ချက်ချင်းရပ်” အစရှိသည့် ပိုစတာများကို ကိုင်ဆောင်ထားခဲ့ကြပြီး၊ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ၏ အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းရေးအစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြကြသည့်အနေဖြင့် Capitol Hill အနီးတွင် ဆန္ဒပြသူ များစုဝေးခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က အွန်လိုင်းသတင်းအချက်အလက်များကို လျှို့ဝှက်စွာစုဆောင်း လျက်ရှိရာ၊ ထိုကဲ့သို့ စုဆောင်းနေခြင်းအား အထောက်အပံ့ပြုနေသည့် စည်းမျဉ်းဥပဒေများကို ပြုပြင် ပြောင်းလဲပေးရန် ကွန်ဂရက်ကိုထိုအုပ်စုများက တိုက်တွန်းနေကြသည်။

ဆန္ဒပြပွဲမှာ နိုင်ငံရေးအလွှာအမျိုးမျိုးမှ ဆန္ဒပြသူများကိုဆွဲဆောင်နိုင်ခဲ့သည်။ ဆန္ဒပြပွဲတွင် လစ်ဘရယ် တစ်ကိုယ်ရည်ဝါဒီများ ပါဝင်ခဲ့ကြသလိုရှေးရိုးစွဲ Tea Party အင်အားစုများလည်း ပါဝင်ချီတက်ခဲ့ကြသည်။ အမေရိကန်ပြည်သူများအပေါ် ဥပဒေမဲ့စောင့်ကြည့်ထောက်လှမ်းမှုဟု ၎င်းတို့ကဆိုကာ ဆန့်ကျင်ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။

ဆန္ဒပြသူတစ်ဦးဖြစ်သည့် မိုက်ကယ်ဂရီးန် (Michael Greene) က “ကျွန်တော်ဟာ ကွန်ဆာဗေးတစ် တစ်ဦးလို့ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့သူပါ။ အစိုးရအနေနဲ့ လူတွေရဲ့သတင်းအချက်အလက်တွေကို စုဆောင်းထိန်းသိမ်းထားပြီး အသုံးချမှာကိုဘယ်ကွန်ဆာဗေးတစ်မှ မလိုလားပါဘူး” ဟု ဆိုခဲ့သည်။

အခြားဆန္ဒပြသူတစ်ဦးဖြစ်သည့် ဂျနီဖာဝင်း (Jennifer Wynne) ကလည်း “လူတစ်ဦးချင်းစီရဲ့တစ်ကိုယ် ရည်လွတ်လပ်မှုတွေအပေါ် ကျူးကျော်ဖောက်ဖျက်မှုတွေဆက်လက်ဖြစ်ပွားနေပြီး၊ ကျွန်တော်တို့ ဘ၀ တွေရဲ့အသေးစိတ်အကြောင်းအရာတိုင်းကို အကြီးအကျယ်စောင့်ကြည့်ထောက်လှမ်းနေခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့လတွေအတွင်းမှာ ကျွန်တော်တို့အများကြီးသိလာခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရေးတယူ ဆောင်ရွက်ပေးဖို့အတွက် ကွန်ဂရက်ကို ကျွန်တော်တို့ တိုက်တွန်းဖို့လိုပါတယ်” ဟု ဆိုခဲ့သည်။

ဆန္ဒပြပွဲကို “Stop Watching Us” ဟုလူသိများသည့် ညွန့်ပေါင်းအဖွဲ့တစ်ခုက စီစဉ်ခြင်းဖြစ်သည်။ ထို ညွန့်ပေါင်းအဖွဲ့တွင် အမေရိကန်အများပြည်သူ လွတ်မြောက်ရေးသမဂ္ဂ (ACLU)၊ တစ်ကိုယ်ရည် လွတ် လပ်ခွင့်ကာကွယ်ရေးအဖွဲ့ဖြစ်သည့် အီလက်ထရွန်းနစ် နယ်သစ်ဖောင်ဒေးရှင်း (EFF)၊ Wall Street သိမ်းပိုက်ရေးနှင့် လစ်ဘာတေးရီးယန်းပါတီစသည့် အဖွဲ့အစည်းများအပါအ၀င် အုပ်စုနှင့်ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်သည်။

Mizzima - News, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment