Pages

Friday, September 6, 2013

Master Card မြန်မာဆိုင်ရာ ဌာနေကိုယ်စားလှယ် ပထမဆုံးခန့်အပ်

RangonNewsDaily:: September 6, 2013

နိုင်ငံတကာသုံး ငွေပေးချေရေးစနစ် ဝန်ဆောင်မှုပေးနေသော Master Card ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဖြစ် Mr.Antonio Corro ကို ခန့်အပ်ကြောင်း အဆိုပါကုမ္ပဏီက ကြေညာသည်။ Mr.Antonio Corro သည် ဌာနေကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အတွက် ပူးတွဲတာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့၌ ရုံးထိုင်မည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယခင်က Mr. Corro သည် Master Card ကုမ္ပဏီ၏ မြန်မာနိုင်ငံ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ အရေးကိစ္စများကို တာဝန်ယူ ဖြေရှင်းခဲ့သည်။

"မြန်မာနိုင်ငံအတွက် ဒီလိုသီးသန့် ဌာနေကိုယ်စားလှယ် ခန့်အပ်ပေးတော့ ပိုပြီးကောင်းပါတယ်။ အခက်အခဲတစ်ခုခု ဖြစ်လာရင် တိုက်ရိုက်ဆက်သွယ်လို့ ရတာပေါ့" ဟု Master Card ကုမ္ပဏီနှင့် ချိတ်ဆက် လုပ်ငန်းဆောင်ရွက်နေသော ကမ္ဘောဇဘဏ် နိုင်ငံတကာဘဏ်လုပ်ငန်း ဌာနမှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က မှတ်ချက်ပြုသည်။

Master Card ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာသုံး ငွေပေးချေစနစ်ကို စတင် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံအနှံ့ ATM (အလိုအလျောက် ငွေထုတ်စက်) ၁၄၀ တွင် ယင်း ကတ်များကို အသုံးပြုနိုင်သည်။

Master Card ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အဆိုပါဝန်ဆောင်မှုများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားဘဏ်၊ ယူနိုက်တက်အမရာဘဏ် တို့နှင့် ပူးတွဲ ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment