Pages

Monday, September 2, 2013

မိတ္ထီလာတွင် ကုန်စည်ဒိုင်ဖွင့်မည်

RangonNewsDaily:: September 2, 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ကုန်စည်ဒိုင်တစ်ခု စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း မိတ္ထီလာ ကုန်စည်ဒိုင် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Voice ကို ပြောကြားသည်။

အဆိုပါ ကုန်စည်ဒိုင်ကို မိတ္ထီလာမြို့ မြို့မဈေးကြီး အနောက်ဘက် ရန်ကုန်- မန္တလေး ကားလမ်းမကြီး (လမ်းဟောင်း) ဘေး သမကားကွင်းရှိ ဂိုဒေါင်အမှတ် (၃) တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

“မိတ္ထီလာမှာ ပွဲရုံတွေက ပြန့်ကျဲနေတယ်၊ တစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ကွဲပြားတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်နေကြတယ်။ အခု ဒီကုန်စည်ဒိုင်က တောင်သူလယ်သမားတွေ စိုက်ပျိုးတဲ့ ကုန်စည်တွေကို တိုက်ရိုက် ရောင်းဝယ်ပေးသွားမှာပါ။ ကုန်စည်ဒိုင် ရှိလာမယ်ဆိုရင် ကုန်စည်တွေရဲ့ အရည် အသွေးကို ထိန်းသိမ်းနိုင်မယ်။ မသမာတဲ့ ရောင်းဝယ်မှုတွေ မဖြစ်အောင် တားဆီးပေးနိုင်မယ်” ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

လက်ရှိ ယင်းဒေသထွက်ကုန် သီးနှံထွက်ရှိမှု ပမာဏနှင့် ရောင်းချမှု အပိုင်းတွင် အားနည်းချက်များရှိ၍ သီးနှံထွက်နှုန်း၊ ရောင်းချရသည့် အရေအတွက်စာရင်း အတိအကျ မသိရကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးက ပြောကြားသည်။

ယင်းသို့ ကုန်စည်ဒိုင် ဖွင့်လှစ်ခြင်းဖြင့် ကုန်သည်များ အကြားတွင် စည်းလုံးမှု ပိုမိုရရှိလာနိုင်ပြီး ကုန်စည် ရောင်းချမှုတွင်လည်း တိုးတက်လာနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

“မိတ္ထီလာ ကုန်သည်တွေမှာ အစွမ်းအစတွေ ရှိပါတယ်။ တစ်ယောက်ချင်းတွေ လုပ်နေတဲ့အတွက် လုပ်ငန်းတွေ နှောင့်နှေးနေတယ်။ စုပေါင်းလုပ်ဆောင်ရင် အောင်မြင်နိုင်မယ်။ မိတ္ထီလာမှာ နိုင်ငံခြားသားတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ သဘောကျနေတယ်လို့ သိရတယ်” ဟု မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင် ဦးခင်မောင်ထူးက ဆိုသည်။

မိတ္ထီလာမြို့သည် ရန်ကုန်-မန္တလေး မော်တော်ကားလမ်းမကြီး (လမ်းဟောင်း)၊ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းမကြီး (လမ်းသစ်) နှင့် ပုဂံ-ညောင်ဦး - တောင်ကြီး မော်တော်ကားလမ်းမကြီးတို့ ဆုံချက်မြို့ ဖြစ်ပြီး ဝမ်းတွင်း၊ မလှိုင်၊ သာစည်ဒေသထွက် ဝါ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ရောင်းဝယ် ဖောက်ကားရာ အချက်အချာမြို့ ဖြစ်၍ ဒေသခံတောင်သူများနှင့် ကုန်သည်များအကြား တိုက်ရိုက်ထိတွေ့ ရောင်းဝယ်နိုင်သည့် အားသာချက်များ ရှိကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

The Voice , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment