Pages

Monday, August 19, 2013

ခရိုင်ရဲရုံးမှ စာရေးမကြီးအိမ်၌ လောင်းကစားဝိုင်းရှိသည်ဟု ဖေ့စ် ဘွတ်ခ်တွင် တွေ့သဖြင့် ရဲက ၀င်ရောက်ရှာဖွေ

RangonNewsDaily:: Aug 19, 2013

ပြည်မြို့၊ ရွာဘဲနယ်မြေတွင်ရှိသော ခရိုင် ရဲတပ်ဖွဲ့ရုံးမှ စာရေးမကြီး၏ အိမ်နှင့် သူ့ဆွေမျိုးတို့၏ အိမ်များတွင် လောင်းကစားဝိုင်းရှိသည်ဟု သံသယရှိသဖြင့် သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် ရဲများက ၀င်ရောက် ရှာဖွေခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းရရှိသည်။ အံ့အားသင့်ဖွယ် ကောင်းသည်မှာ အဆိုပါသတင်းကို ရဲများက ဖေ့စ်ဘွတ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် တွေ့သဖြင့် သံသယရှိပြီး ခရိုင်ရဲရုံးမှ စာရေးမကြီးနှင့် သူ့ဆွေမျိုးတို့၏ နေအိမ်များကို ၀င်ရောက်ရှာဖွေခြင်းဖြစ်သည်ဟု မြို့မရဲစခန်းမှူး ဒု- ရဲမှူး ၀င်းခိုင်က အတည်ပြုသည်။

“ရှာပြီးပြီ။ ဘာမှမရှိဘူး” ဟုလည်း ရဲများ ရှာဖွေပြီးသည့် အခြေအနေကို သူက ဆက်ပြောသည်။ သူနှင့် သူ့ ဆွေမျိုး များ၏ အိမ်ကို ရဲများက ထိုသို့ ၀င်ရောက်ရှာဖွေခံရသည်နှင့် ပတ်သက်၍ စာရေးမကြီး ဒေါ်စန်းစန်း အေးရွှေက “ဘာမှမလုပ်ဘဲ ကျွန်မအိမ်ကိုတော့ ၀င်ရှာခံရတယ်။ အင်တာနက် သတင်းဆိုတာ ဘယ်သူမဆို ရေးတင်လို့ ရတယ်။ တိကျသေချာစရာ မလိုဘူး။ ကျွန်မ ဂုဏ်သိက္ခာကျတယ်။ ရုံးမှာ ခေါင်းတောင်မဖော်နိုင်ဘူး” ဟု ဆိုသည်။

အဆိုပါ စာရေးမကြီးသည် လွန်ခဲ့သော ၁၈ နှစ်ကတည်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။

ရေခဲ(ပြည်)

 မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 19.8.2013

0 comments:

Post a Comment