Pages

Monday, August 19, 2013

“နိုင်ငံတကာဗုံပွဲတော်” တွင် မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်းအဖွဲ့ ပါဝင်ဖျော်ဖြေမည်

RangonNewsDaily:: Aug 19, 2013

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် “နိုင်ငံတကာဗုံပွဲတော်” ၌ မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်းအဖွဲ့ ပါဝင်တီးခတ် မည်ဖြစ်ကြောင်း မြန်မာပြည်ကျောက်စိမ်းမှ မဇ္ဈိမသို့ ပြောကြားလိုက်သည်။ အဆိုပါ ပွဲတော်အား စက်တင်ဘာ ၈ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဗုံနှင့်ပတ်သက်သည့် အနုပညာရှင်များ တက်ရောက်ကြမည် ဖြစ်သည်။

မြန်မာပြည်ကျောက်စိမ်းက “စက်တင်ဘာ ၄ရက်မှာ ဗီယက်နမ်က ပြန်ရောက်မယ်။ ပြီးရင် စက်တင်ဘာ ၈ ရက်မှာ အင်ဒိုနီးရှားမှာ ကျင်းပမယ့် ဗုံပွဲတော်ကို မြန်မာပြည်ကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေမယ်။ ဗဟုသုတအနေနဲ့ပဲ သွားမှာပါ။ ကိုယ့်ဘက်ကတော့ သားရေပစ္စည်းကို အဓိက တီးခတ်မယ်။

သူတို့ဘက်က ဖိတ်ခေါ်တာဆိုတော့ အစစ အရာရာ သူတို့ဘက်ကပဲ အကုန်အကျ ခံမှာပါ။ မြန်မာ့ဆိုင်းပညာကတော့ အခုထိလည်း လေ့လာနေရဆဲပါပဲ။ အခုတလော ပြည်ပပွဲတွေ များတဲ့အခါ တခြားနိုင်ငံတွေရဲ့ တူရိယာတီးခတ်မှု တွေလည်း လေ့လာနိုင်ပါတယ်” ဟု ဆိုသည်။

ယင်းအင်ဒိုနီးရှားခရီးစဉ်မှာ မြန်မာပြည်ကျောက်စိမ်းအနေဖြင့် ပထမဆုံး သွားရောက်ဖျော်ဖြေရခြင်းဖြစ်ပြီး ယင်း ဖျော်ဖြေပွဲမတိုင်မီတွင် ၎င်းသည် ဂျပန်-အာဆီယံပွဲတော်၏ တေးသီချင်းအချောသတ် တင်ဆက်မှုများကို ကြိုတင်လေ့ကျင့်ကြမည် ဖြစ်သည်။ မြန်မာပြည်ကျောက်စိမ်းအဖွဲ့အား ၁၉၉၂ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပန်းမြတ်ဇော်
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 19.8.2013

0 comments:

Post a Comment