Pages

Saturday, August 17, 2013

3G ကွန်ရက်စနစ်ဖြင့် အသံနှင့် data နှစ်ခုစလုံးရရှိအောင် ၀န်ဆောင်ပေးမည့်"Ooredoo"

RangonNewsDaily:: Aug 17, 2013

မိုဘိုင်းဖုန်းပြောဆိုခကို ဈေးနှုန်းကြေညာသည့်အခါတွင် ပြည်သူလူထု စိတ်လှုပ်ရှားမည့် ဈေးနှုန်းဖြစ်ရမည်ဟု Ooredoo Quatar Telecom ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်းကိုယ်စားလှယ်အရာရှိ Ross Cormack က Park Royal ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ လောလောဆယ်မှာတော့ ဈေးနှုန်းအတိအကျ မပြောနိုင်သေးပါဘူး ဒါပေမယ့် ခင်ဗျားတို့အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းဖြစ်ရမယ်လို့ ကျွန်တော် အာမခံပါတယ်။တင်ဒါတင်တဲ့အချိန်က တစ်မိနစ် ၃၅ကျပ် ၄၀ လို့ပြောထားပေမယ့် ဒီထက်နည်းမှာပါ ” ဟု Ooredoo ဆက်သွယ်ရေးကုမ္ပဏီမှ အကြီးတန်းကိုယ်စားလှယ်အရာရှိ Ross Cormack က ပြောသည်။

Ooredoo ကုမ္ပဏီမှ ဖြန်ချီရေးကွန်ရက်အနေဖြင့် 3G ကွန်ရက်စနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုအနေဖြင့် အသံနှင့် data နှစ်ခုစလုံးရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမတစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၃၅ ရာခိုင်နှုန်းအား ဝန်ဆောင်မှုပေးနိုင်ရန် လျာထားကြောင်း၊ Ooredoo ကုမ္ပဏီမှ မြန်မာပြည်သူလူထု၏ လိုအပ်ချက်များကို စစ်တမ်းကောက်ယူထားသည့်အတွက် မြန်မာနိုင်ငံသားများအား အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားမည့်အပြင် ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆက်စပ် နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချိရေး၊ သုံးစွဲသူဝန်ဆောင်မှုလုပ်ငန်းစသည့်နေရာများတွင်လည်း ၉၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသား ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးအရမှ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုအတွက် ကာတာနိုင်ငံအခြေစိုက် Ooredoo Quatar Telecom နှင့် နော်ဝေ အခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ကို ဇွန်လ ၂၇ရက်က တင်ဒါရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ Ooredoo ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုအား လက်ရှိသုံးစွဲသူ ၉၁သန်းကျော်ရှိကြောင်း၊ Quatar Exchange နှင့် Abu Dhabi Exchange တို့၏ ဖော်ပြချက်အရသိရသည်။ ဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၅ ဘီလျံရှိပြီး ၂၀၁၂ ခုနှစ်တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၉ ဒဿမ၃ဘီလျံရရှိခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။

Ooredoo Quatar Telecom ဆက်သွယ်ရေးလုပ်ငန်းသည် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင် အာရှဒေသများရှိ သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် မိုဘိုင်းဆက်သွယ်ရေး၊ ကြိုးလိုင်းတယ်လီဖုန်းဆက်သွယ်ရေး၊ မြန်နှုန်းမြင့် အင်တာနက်နှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးလုပ်ငန်း တစ်ခုဖြစ်သည်။ 
မင်းဟိန်းထက် (မြစ်မခ), RangonNewsDaily
kolatt (Pabedan): 17.8.2013
 

0 comments:

Post a Comment