Pages

Tuesday, July 30, 2013

ဘရာဇီးလ်ကမ်းခြေတွင် ပုပ်ရဟန်းမင်းကြီးကို ကြိုဆို သူ ၃ သန်းခန့် စုရုံးခဲ့


RangonNewsDaily:: July 30, 2013

တနင်္ဂနွေနေ့က စုရုံးမှုသည် ဘရာဇီးလ် နိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သော ကိုပါကာဘာနာတွင် အကြီးမားဆုံး လူသူ စုရုံးမှု အဖြစ်လည်း စံချိန်တင်ခဲ့သည်။

ဇူလိုင် ၂၈ ရက်၊ တနင်္ဂနွေနေ့က ဘရာဇီးလ်နိုင်ငံရှိ ထင်ရှားသော ကိုပါကာဘာနာ ကမ်းခြေတွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကို ဖူးမြော်ရန် စုရုံးလာသူ (၃)သန်းမျှဖြင့် ပြည့်နှက်သွားခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့က စုရုံးမှုသည် ဘရာဇီးလ် နိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သော ကိုပါကာဘာနာတွင် အကြီးမားဆုံး လူသူ စုရုံးမှု အဖြစ်လည်း စံချိန်တင်ခဲ့သည်။

(၂၀၀၆)ခုနှစ်က Rolling Stones ဂီတအဖွဲ့ လာရောက် ဖျော်ဖြေစဉ်ကထက် ယခုစုရုံးမှုက (၃)ဆ ပိုများခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ယင်းကမ်းခြေသို့ ကြွရောက် လည်ပတ်မည်ဆိုသော သတင်းကြောင့် လူပေါင်းများစွာတို့သည် စနေနေ့ ညပိုင်းကတည်းက သောင်ပြင်ပေါ်တွင် ညအိပ် စောင့်ဆိုင်းခဲ့ကြသည်။

(၂)မိုင်ခွဲမျှ ရှည်လျားသော ကမ်းခြေတစ်လျှောက်တွင် အနွေးဓာတ် ရရှိစေရန် အလံများဖြင့် ပတ်ပြီး ခရီးဆောင်အိတ်များကို ခေါင်းအုံးအိပ်ကာ ဇွဲကောင်းကောင်း စောင့်ခဲ့ကြခြင်း ဖြစ်သည်။ ရဟန်းမင်းကြီးကို ဝတ်ပြုရန်အတွက် ရောက်ရှိလာသည့် ခရစ်ယာန် သီလရှင်များနှင့် ဘီကနီ အတိုအပြတ်လေးများကို ဝတ်ဆင်ထားသည့် အပန်းဖြေသူ မိန်းကလေးများကို တစ်နေရာတည်းတွင် အတူတွေ့ရသည့် မြင်ကွင်းမှာ အတန်ငယ် ထူးထူးဆန်းဆန်းလည်း ဖြစ်နေခဲ့သည်။ 


ပုပ်ရဟန်းမင်းကြီး စီးနင်းလာသည့် မော်တော်ကား ဝင်ရောက်လာသည့်အခါ ပန်းများ၊ အလံများ ပစ်မြှောက်ကြသလို ဘောလုံးအင်္ကျီများကိုပါ ပစ်မြှောက်ကြရာ အင်္ကျီပုံကြီးပင် ဖြစ်နေကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးသည် ဘောလုံးဝါသနာအိုး တစ်ဦးလည်း ဖြစ်သည်။ သက်တော် (၇၆)နှစ် ရှိပြီဖြစ်သော ခရစ်ယာန် ဘာသာရေး အထင်ကရ ခေါင်းဆောင်ကြီးသည် အဆိုပါ ကမ်းခြေ လည်ပတ်မှု အပြီးတွင် ယင်း၏ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ 


ခရီးစဉ် အတွင်းတွင် ရဟန်းမင်းကြီးက ကက်သလစ် ခရစ်ယာန်များ အနေဖြင့် အချိန်ပိုင်း ခရစ်ယာန်မျှ မဖြစ်စေဘဲ ဘာသာရေး၏ အဆုံးအမများကို ထဲထဲဝင်ဝင် လိုက်နာကျင့်ကြံရန်လည်း တိုက်တွန်း မိန့်ကြားသွားသည်။ 

ထို့အပြင် ကက်သလစ် ခရစ်ယာန် ဘာသာဝင် လူငယ်များအား ခရစ်တော်သည် ကမ္ဘာ့ဖလား ဘောလုံးပွဲထက် ပိုမိုအရေးပါသော အရာများကို ပေးဆပ်ခဲ့ကြောင်းလည်း ဆုံးမခဲ့သည်။ ဘောလုံးအားကစားကို အလွန်ခုံမင်ရူးသွပ်စွာ အားပေးသော ဘရာဇီးလ် နိုင်ငံသည် အဆိုပါ ပြိုင်ပွဲကြီးကို လာမည့်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။

Planet Myanmar Network, RangonNewsDaily
kolatt (Pabedan): 30.7.2013

0 comments:

Post a Comment