Pages

Saturday, June 8, 2013

ကချင်ပြည်နယ် ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များကို ဗြိတိန် ချီးမွမ်း

ဇွန်လ ၈ ရက် ၂၀၁၃
ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ပြုလုပ်ခဲ့ကြသော ဒိုင်ယာလော့ခ်မှာ ငြိမ်းချမ်းရေး အတွက် အရေးပါသည့် အရာတစ်ခု ဖြစ်သည်ဟု ဗြိတိန်နိုင်ငံအစိုးရက ရှုမြင်ကြောင်း အာရှဒေသဆိုင်ရာ ဗြိတိန် ဝန်ကြီးက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားသည်။ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး ဟူဂိုဆွာယာက ကေအိုင်အိုတပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ရရှိ လိုက်သည့် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို မိမိအနေဖြင့် များစွာကြိုဆိုပါကြောင်း ထုတ်ဖော်ပြောဆိုသည်။

"ရေရှည်တည်တံ့ပြီး ခိုင်မာမှုရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးအတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေရဲ့ ကိုယ်စားလှယ်တော်ကြီးတွေရဲ့ ကြိုးပမ်းချက်တွေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့ သွားမှာဖြစ်ပါတယ်" ဟု ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ အဖွဲ့ဝင်ပုဂ္ဂိုလ်များသည် ပြီးခဲ့သည့် မေလအတွင်း လန်ဒန်မြို့၌ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဗြိတိန်ဝန်ကြီး အဆိုအရ မြန်မာနိုင်ငံသည် လွန်ခဲ့သည့် လပေါင်း ၁၈ လအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်း အစရှိသည်တို့ လုပ်ဆောင်ကာ သိသာထင်ရှားသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများသည် ပြီးခဲ့သည့် မေလအတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံရေးနှင့် ပြန်လည်သင့်မြတ် ရေးဖြစ်စဉ်များကို သုံးသပ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကြီးကို လက်ခံကျင်းပလျက် ရှိသည်။ မြန်မာ၏ မဟာမိတ် နိုင်ငံများကမူ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းများစွာ ထွက်ပေါ်လျက် ရှိသည်ဟု ပြောဆိုကြသည်။ လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာနိုင်ငံကို ချီးမွမ်းပြောဆိုရန် စောလွန်းသေးကြောင်း၊ အကြောင်းမှာ လတ်တလော အမျိုးသားလုံခြုံမှုဆိုင်ရာ အရေးကိစ္စများ ပေါ်ထွက် နေသောကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ဗြိတိန်အစိုးရက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုစင်တာ တည်ထောင်နိုင်ရေး အတွက် ဒေါ်လာကိုးသိန်း ထောက်ပံ့ပေးမည် ဖြစ်သည်ဟု မေလအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ansparencymyanmar, ရန်ကုန်နယူးဒေးလီးစ်
Rangon: ၈.၆.၂၀၁၃

0 comments:

Post a Comment