Pages

Wednesday, June 5, 2013

အာဆင်နယ်သို့ ပြောင်းရွှေ့နိုင်ခြေသတင်းအား ဟီဂူအင်း ပယ်ချ

အာဆင်နယ်သို့ ပြောင်းရွှေ့နိုင်ခြေသတင်းအား ဟီဂူအင်း ပယ်ချ
အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့နိုင်ခြေရှိကြောင်း သတင်းများကို ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းက ပယ်ချခဲ့ခြင်း မရှိချေ။ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကို ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ရီးယဲလ်က ရောင်းထုတ်ရန် စီစဉ်ထားသလို ကစားသမား ကိုယ်တိုင်ကလည်း ဘာနေဗျူးမှ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ထိပ်တန်းအဆင့် တိုက်စစ်မှူးသစ် တစ်ဦးကို နွေရာသီ ဈေးကွက်အတွင်း ဝယ်ယူရန် စီစဉ်ထားရာ ဟီဂူအင်းသည်လည်း ပစ်မှတ် တစ်ခုအနေဖြင့် ပါဝင်နေသည်။ ဟီဂူအင်းက ၎င်းအတွက် လန်ဒန်အခြေစိုက် ကလပ်မှာ စဉ်းစားသင့်သည့် အခြေအနေဖြစ်ကြောင်း ဝန်ခံခဲ့သည်။

"အာဆင်နယ်လား။ ကျွန်တော်နဲ့ သင့်တော်မယ် ထင်ပါတယ်။ ပြီးတော့ ကျွန်တော်က အသက်ငယ်သေးတယ်။ ဂိုးတွေလည်း သွင်းနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေကတော့ အများကြီးရှိတယ်။ ကျွန်တော့် အနေနဲ့လည်း မကစားဖူးတဲ့ ပြိုင်ပွဲတစ်ရပ်မှာ ကိုယ့်အရည်အသွေးကိုယ် စမ်းသပ်ကြည့်ချင်သေးတယ်"ဟု ဟီဂူအင်းက မှတ်ချက်ပြုခဲ့သည်။

၎င်းက ရီးယဲလ်မှ ထွက်ခွာပြီး မည်သည့်အသင်းသို့ ဦးတည်မည် မသေချာသေးဟုလည်း ဝန်ခံခဲ့သည်။ Metroနှင့် အင်တာဗျူးတွင် ၎င်းက "ကမ်းလှမ်းမှုတွေတော့ ရှိပါတယ်။ ရီးယဲလ် အနေနဲ့ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ကိုပါ အကောင်းဆုံး စဉ်းစားပေးနိုင်ပါစေလို့ ကျွန်တော် မျှော်လင့်တယ်"ဟု ဖွင့်ဟသွားသည်။

Source: DailyMail ,Planet Myanmar Network, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃

0 comments:

Post a Comment