Pages

Sunday, May 5, 2013

မြန်အောင်သင်္ဘောနှင့် တိုက်မိသည့် Malacca Highway ကားတင်သင်္ဘောမှ Voyage Data Recorder အား စစ်ဆေးရာတွင် သက်သေများ၏ ထွက်ဆိုချက်နှင့် လွှဲချော်မှုများ ရှိနေ

Sunday, May 05 ,2013

ရန်ကုန်မြစ်အတွင်း မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင်မြန်အောင်သင်္ဘောနှင့် တိုက်မိခဲ့သည့် Malacca Highway ကားတင်သင်္ဘောမှ VDR(Voyage Data Recorder) စစ်ဆေးမှု ပြီးစီးခဲ့ပြီး၊ အဆိုပါ ကိရိယာအား စစ်ဆေးတွေ့ရှိမှုများသည် နှစ်ဖက်သင်္ဘော မောင်းနှင်သူများ၊ သင်္ဘောမှ အဓိက ၀န်ထမ်းများ၏ ဖြေကြားထွက်ဆိုချက်များနှင့် အနည်းငယ် လွဲချော်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း မြန်အောင်သင်္ဘောနှင့် Malacca Highway ကားတင်သင်္ဘော တိုက်မိခဲ့၍ မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည်။
အခု Malacca Highway ကားတင်သင်္ဘောက VDR ကို စစ်ဆေးရာမှာ နှစ်ဖက်သင်္ဘောက သင်္ဘောမောင်းနှင်သူတွေ၊ အဓိက ၀န်ထမ်းတွေကို မေးမြန်းထားတဲ့ အချက်တွေနဲ့ လွဲချော်မှုတွေ ရှိနေတာကို တွေ့ရတယ် . . . . .

သို့ဖြစ်၍ Malacca Highway ကားတင်သင်္ဘောအား ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပြုသေးဘဲ ယင်းသင်္ဘောမှ အသံဖမ်းစက်တစ်မျိုး ဖြစ်သည့် VDR(Voyage Data Recorder) အား ယင်းစက်ထုတ်လုပ်သည့် စင်ကာပူနိုင်ငံ Furuno ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များအား မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ခေါ်ယူ၍ စစ်ဆေးခဲ့ရာ ၂၀၁၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် စစ်ဆေးမှုများ ပြီးစီးခဲ့သည်ဟု သိရသည်။

"ဒီ VDR(Voyage Data Recorder) ဆိုတာက သင်္ဘောမောင်းနှင်ချိန်မှာ ဘာဖြစ်တယ်။ ရေဒါက ဘာပြတယ် စတဲ့ သင်္ဘောမောင်းနှင်တဲ့ ပဲ့ခန်းမှာ ဘာဖြစ်တယ် စတဲ့ အရာတွေ အားလုံးကို အသံဖမ်းယူထားတာ ဖြစ်ပါတယ်။ အခု Malacca Highway ကားတင်သင်္ဘောက VDR ကို စစ်ဆေးရာမှာ နှစ်ဖက်သင်္ဘောက သင်္ဘောမောင်းနှင်သူတွေ၊ အဓိက ၀န်ထမ်းတွေကို မေးမြန်းထားတဲ့ အချက်တွေနဲ့ လွဲချော်မှုတွေ ရှိနေတာကို တွေ့ရတယ်" ဟု မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မေလ ၄ ရက်နေ့က ပြောပါသည်။

အဆိုပါ VDR ၏ စစ်ဆေးချက် အသေးစိတ်အား သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ဆက်လက်ပေးပို့ထားပြီး စစ်ဆေးမှု ရလဒ်များအား လက်ရှိတွင် ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ယင်းကဆိုသည်။

လက်ရှိတွင် Malacca Highway ကားတင်သင်္ဘောအား အာမခံကိစ္စရပ်များ ဆောင်ရွက်ရန် စစ်ဆေးမှု
များ ပြုလုပ်ရန် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သိရသည်။

"ပြည်ပလုပ်ငန်းရှင်ပိုင် သင်္ဘောဖြစ်တဲ့အတွက် P & I အာမခံကုမ္ပဏီနဲ့ ဆက်သွယ်ပြီး အာမခံလျော်ကြေး ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် သင်္ဘောကို ထွက်ခွာခွင့် မပြုသေးတာပါ" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသက်ထွန်းက ပြောပါသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင် မောင်းနှင်ခဲ့ပြီး၊ Malacca Highway ကားတင်သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး (Pilot 39) တို့ အသီးသီး မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group ,Rangonnewsdaily
RND:  :5.5.2013

0 comments:

Post a Comment