Pages

Sunday, May 5, 2013

ဒေါ်လာသန်း ၈၀ ကျော် ထောက်ပံ့မည့် ဖွံ့ဖြိုးရေးအစီအစဉ် မြို့နယ်သုံးခုတွင် စမည်

နိုင်ငံတစ်ဝန်း ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံးမြို့နယ် ၁၅ ခုကို ရွေးချယ်ကာ အမေရိကန် ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့မည့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း ပထမအဆင့်ကို ကန်ပက်လက်၊ နမ့်ဆန်နှင့် ကျွန်းစုမြို့နယ် တို့တွင် စတင်မည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ဘဏ်နှင့် ပြည်ထောင်စု အစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် အဆိုပါ စီမံကိန်းတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ မြို့နယ် သုံးခုကို ပထမအဆင့် ဦးစားပေးရွေးချယ် ခဲ့ခြင်းဖြစ်ပြီး ထိုသို့ရွေးချယ်ရာတွင် ဆင်းရဲ နွမ်းပါးမှု၊ အခြားအဖွဲ့ အစည်းများ၏ ထောက်ပံ့မှု မရှိခြင်း၊ ဒေသအစိုးရ၏ ဆောင်ရွက်လိုမှု စသည့် အချက်သုံးချက် ပေါ်တွင် အခြေခံရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးတွဲ ကောက်ခံထားသော စစ်တမ်းအရ ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ မြို့နယ်ကိုးမြို့နယ်ကို ကနဦး ရွေးချယ်ခဲ့ကာ နိုင်ငံခြားအကူအညီ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီနှင့် ကမ္ဘာ့ဘဏ်တို့ က ကန်ပက်လက်၊ ကျွန်းစုနှင့် နမ့်ဆန် သုံးမြို့နယ်ကို အတည်ပြုရွေးချယ်ခဲ့ကြောင်း စီမံကိန်းအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းတွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်တစ်မြို့နယ်စီ ရွေးချယ်၍ စီမံကိန်းပထမနှစ် တွင် မြို့နယ် သုံးမြို့နယ်၊ ဒုတိယနှစ်တွင် ငါးမြို့နယ်၊ တတိယနှစ်တွင် ခုနစ်မြို့နယ် စုစုပေါင်းမြို့နယ် ၁၅ မြို့နယ်ရှိ ကျေးရွာအုပ်စု ပေါင်း ၆၄၀ ခန့်ကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ နှုန်းဖြင့် သုံးနှစ် ဆက်တိုက် နှစ်စဉ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေများကို တစ်ဦးချင်းစီ ခွဲဝေ အသုံးပြုနိုင်မည် မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေး Community Development အတွက် ကျောင်း၊ ဆေးခန်း၊ ကျေးလက်ဈေး၊ လမ်းပန်းဆက်သွယ်ရေး ကဲ့သို့သော ကဏ္ဍများတွင် အသုံးပြုရမည်ဖြစ်ပြီး ယခု စီမံကိန်းက ပေးအပ်သည့် ထောက်ပံ့ငွေများ ကို ပြန်လည်ပေးဆပ်ရန် မလိုကြောင်း စီမံကိန်းလုပ်ငန်းစဉ် များတွင်ဖော်ပြထားသည်။

UNDP စစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းကျော်ရှိပြီး၂၀၁၅ ခုနှစ်
တွင် ၁၆ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ထားသည်။
The Voice Weekly , Rangonnewsdaily
RND:  :5.5.2013

0 comments:

Post a Comment