Pages

Wednesday, May 15, 2013

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသော လူငယ် ၄၀ ရာခိုင်နှုန်းကျော်ရှိနေ

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ကောက်ယူသော စစ်တမ်းများအရ မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့မှ ဦးနိုင်ကဆုမွန်ပြောသည်။ မွန် လူ့အခွင့်အရေးဖောင်ဒေးရှင်းက မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါးသုံးစွဲမှုများမှုကို ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး တစ်နှစ်တစ်ကြိမ် ကောက်ခံခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ စစ်တမ်းအရ မွန်လူမျိုးလူငယ် ၄၀ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်းသည် မူးယစ်ဆေးကိုသုံးစွဲနေပြီး ယခင်က လူလတ်ပိုင်းများသာ သုံးစွဲခဲ့ရာမှ ယခုအခါ အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား ငယ်ရွယ်သူများပါ သုံးစွဲလာသည်ကို တွေ့ရှိလာကြောင်း ၎င်းကပြောသည်။ “မုဒုံနဲ့ သံဖြူဇရပ်မှာ လူငယ်တွေအတော်လေး မူးယစ်ဆေးဝါးစွဲနေတာတွေ့ရတယ်။ တကယ့်ကို စိတ်မကောင်းစရာပါ။ ၀ယ်ရတာလည်းလွယ်ပါတယ်။ ရာမကို ကွမ်းယာဆိုင်တွေမှာတောင် ၀ယ်လို့ရတယ်” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မွန်ပြည်နယ်ရှိ လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုသည်၂၀၁၂ ခုနှစ်မှစပြီး မြင့်တက်လာကြောင်း၊ လူငယ်များသည် တိုင်းပြည်၏အနာဂတ်ဖြစ်သောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို ပြည်နယ်အစိုးရအနေဖြင့် စီမံချက်တစ်ခုချလုပ် ဆောင်သင့်ကြောင်း၊ ကွမ်းယာဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိနေသော အခြေအနေဖြစ်သောကြောင့် ယင်းဆိုင်များကိုပါ စစ်ဆေးအရေးယူမှုများ ပြုလုပ်သင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“လူငယ်အများစုကတော့ သုံးစွဲလာကြတယ်။ ၁၃ နှစ်အထက် ကျောင်းသားတွေလည်းပါတယ်။ ဆေးတွေက အလွယ်တကူဝယ်ယူလို့ရတာရယ်၊ မိဘအုပ်ထိန်းသူတွေ နိုင်ငံခြားကိုရောက်နေလို့ အုပ်ထိန်းမှုအားနည်းတာရယ်ကြောင့် ပါ။ ကျောင်းသားသူငယ်ချင်းအသိုင်းအ၀ိုင်းတွေထဲမှာလည်း ဆေးဖြန့်ဖြူးတဲ့ လူတွေရှိနေတာလည်းပါတယ်။ 
သူတို့က ဘယ်ရွာတွေကို အခြေခံပြီး ကောက်ထားလည်းတော့မသိဘူး။ ကျွန်တော့်အမြင်အရဆိုရင် ဆေးစွဲသူ ၃၀ ရာခိုင်နှုန်းလောက်ပဲ ယေဘုယျရှိမယ်ထင်တယ်”ဟု မုဒုံမြို့နေ အသက် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူသူအများစုမှာ လက်နက်ကိုင်ဆောင်ကြသောကြောင့် ဒေသခံများကပင် ရောင်းဝယ်နေသည်ကို သိရှိသော်လည်း မပြောရဲကြကြောင်း ၊ အာဏာပိုင်များကလည်း ဖမ်းဆီးမှုအားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးကြသူများသည် နိုင်ငံရေးလက်နက်ကိုင်သူများမဟုတ်ဘဲ လက်နက်ကိုင် မူးယစ်ဆးဝါး
ရောင်းချသူများဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီကလည်း မူးယစ်ဆေးဝါးစွဲနေသူများကို ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ကိုင်ကူညီနေကြောင်းအထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

7Day News Journal , Rangonnewsdaily
RND:  :15.5.2013

0 comments:

Post a Comment