Pages

Saturday, May 25, 2013

AGD ဘဏ် ဖုန်းဖြင့် ၂၄ နာရီဝန်ဆောင်မှု ပေးမည်

ရန်ကုန်၊ မေ ၂၄

အများပိုင်ဘဏ်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) က တယ်လီဖုန်းဖြင့် ငွေစာရင်းလက်ကျန်စစ်ခြင်းနှင့် ချက်လက်မှတ် အတည်ပြုခြင်း တို့ကို ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က The Voice သို့ ပြောကြားသည်။ ပြည်တွင်းဖုန်းများနှင့် ၁၈၇၈ ကို ဖုန်းခေါ်ဆို၍ မိမိငွေစာရင်းလက်ကျန်ကို စစ်ခြင်း၊ လက်ခံရရှိသော ချက်လက်မှတ်အတွက် ငွေထုတ်ရန် အမှန်တကယ် ငွေစာရင်းတွင် ငွေသားရှိ မရှိ စစ်ဆေးခြင်း၊ ချက်လက်မှတ်ကို ဘဏ်မှ အာမခံကြောင်း (Certified Cheque) ပြုလုပ်ခြင်း၊ ငွေစာရင်းအချင်းချင်း လွှဲပြောင်းခြင်းတို့ကို ၂၄ နာရီ ဝန်ဆောင်မှုပေးရန် ပြင်ဆင်ထားကြောင်း ၄င်းက ပြောဆိုသည်။

အဆိုပါဝန်ဆောင်မှု အသုံးပြုသည့် အခါ ငွေစာရင်းပိုင်ရှင် အစစ်အမှန် ဖြစ်ကြောင်း စိစစ်နိုင်ရန် ငွေစာရင်းပိုင်ရှင်တစ်ဦး တည်းသာ သိရှိရမည့် လျှို့ဝှက်နံပါတ်ကို ဘဏ်တွင် ကိုယ်တိုင်ပြုလုပ်ရန် လိုအပ်ကြောင်း AGD က ကြေညာသည်။

တယ်လီဖုန်း ဘဏ်ဝန်ဆောင်မှု စတင်ရန် အသင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် မရသေးသည့်အတွက် လတ်တလောတွင် အဆိုပါ ဝန်ဆောင်မှုကို စတင်နိုင်ခြင်း မရှိသေး ကြောင်း ၄င်းကပြောကြားသည်။
"ငွေစာရင်းအချင်းချင်း လွှဲလို့ရတာ ကိုတော့ စိတ်ဝင်စားတယ်။ စမ်းတော့ သုံးကြည့်မယ်။ အခုက ငွေလွှဲတာလောက်၊ နိုင်ငံခြားငွေစာရင်း ဖွင့်တာလောက်ပဲ သုံးဖြစ်တယ်လေ" ဟု မော်တော်ယာဉ် တင်သွင်းရောင်းချနေသူ ဦးမင်းမင်းထွန်းကဆိုသည်။

မြန်မာနိုင်ငံတွင် ချက်လက်မှတ် အသုံးပြုသူ နည်းနေသောကြောင့် ချက်လက်မှတ် အသုံးပြုမှု တွင်ကျယ်လာရန် ယင်းစနစ် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးသက်လွှင်ရွှေက ပြောကြားထားသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် သည် တယ်လီဖုန်း ဘဏ်ဝန်ဆောင်မှုစနစ် စတင်ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ
လက စတင်စမ်းသပ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
The Voice , Rangonnewsdaily
RND:  :25.5.2013

0 comments:

Post a Comment