Pages

Saturday, March 30, 2013

ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်း၍ Pray For Myanmar ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို မတ်လ ၂၈ နေ့က ရန်ကုန်မြို့ YCDC ခန်းမ၌ နေ့လည်၂း၀၀ မှ ၅း၀၀ ထိ ကျင်းပပြုလုပ်


P6250038

အဆိုပါ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် နိုင်ငံတော် အလံအား အလေးပြုခြင်း၊ Pray For Myanmar ပွဲစီစဉ် ရသည့် အကြောင်း အကျဉ်းချုပ် ကိုဦးသက်ဆွေဝင်းမှ ရှင်းလင်း တင်ပြခြင်း ဘာသာကြီးလေးဘာသာမှ ငြိမ်းချမ်းရေးတရား ဒေသနာများ ပြောကြားခြင်းနှင့် ငြိမ်းချမ်းရေး အတွက် ဆုတောင်းခြင်း၊ ဘာသာကြီးလေးဘာသာမှ လူငယ်များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊ ငြိမ်းချမ်းရေး  ကဗျာများ ရွတ်ဖတ်ခြင်း၊၈၈ကျောင်းသား များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊များ ပြုလုပ်ခဲ့သည်။

အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ကိုဦးသက်ဆွေဝင်းမှ “ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို အထိခိုက် အပျက်အဆီး မခံချင်ကြပါဘူး။ 

ပဋိပက္ခတွေ ဖန်းတီးပြုလုပ်နေသူတွေရဲ့ သွေးထိုးလှုံဆော်မူတွေကို ကျွန်တော်တို့ အားလုံး  လက်မခံဘဲ တိုက်ဖျက်ဖို့ လိုပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့  မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအောက်မှာ တပြေးညီဖြစ်နေဖို့ လိုပါတယ်။ အခြေခံဥပဒေမှာ ပြဌါန်းထားတဲ့ နိုင်ငံသား အခွင့်အရေးနှင့် အညီ ဘာသာပေါင်းစုံ လူငယ်တွေ ဘာသာပေါင်းစုံကို သက်ဝင်ယုံကြည် ကြတဲ့ ပြည်သူတွေ အားလုံးက အကာအကွယ်ရထားဖို့လည်း လိုအပ်ပါတယ်။ကျွန်တော်တို့ ဒီပွဲကို ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြပါရစေ။ ကျွန်တော်တို့ရဲ့ နောက်ခံမှာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။

ကျွန်တော်တို့ လူငယ်တွေ ကိုယ်ဟာကိုယ် တွေးကြတယ်၊ စုစည်းကြတယ်၊ ကျွန်တော်တို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက် ဘာတွေလုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကျွန်တော်တို့ မုန့်ဖိုးတွေ စုပြီး ဒီပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗုဒ္ဒဘာသာမှ ငြိမ်းချမ်းရေး တရားကို ဆရာတော် ဦးကောဏိည မှ ဟောကြားရာတွင်-
“ညီညာစုပေါင်း
အောင်ကြောင်း မှတ်ပါ။
ဒေါသတရား ရှောင်ရှား သူဌါ
မေတ္တာတရား ပွားများ သူဌါ
တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားရင် အခုလို ဖြစ်ပါ့မလား
အချင်းချင်း ညီညီညာညာ နေကြပါ ခုနေချိန်ခါမှာ အိမ်တစ်လုံး ဖြစ်ဖို့ လွယ်ပါ့မလား ”
ဟုထည့်သွင်းပြောကြားခဲ့သည်။

အစ္စလာမ်ဘာသာမှ အာလ်ဟဂ်ျ ခလီဖာ ဦးအေးလွင်မှ ငြိမ်းချမ်းရေးတရားဟောကြားရာတွင် “ဒီအခမ်းအနားလေးကို ဘာသာပေါင်းစုံက လူငယ်လေးများက ဘယ်သူရဲ့ စေ့ဆော်မှုမှ မပါဘဲနဲ့ လူသားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်စွာဖြင့် ဒီလိုကိစ္စရပ်တွေ မဖြစ်သင့် မဖြစ်အပ်ဘူးဆိုပြီးတော့ ကိုယ့်အသိ ကိုယ့်ဆန္ဒတွေနဲ့ လူငယ်တွေက ဒီအဖျက်လုပ်ငန်းကိုတော့ဖြင့် လက်ရည်တပြင်တည်း အတွဲညီညာစွာဖြင့် တိုက်ဖျက်မယ်ဆိုတာဟာ အကြမ်းဖက် သမားတွေအတွက် အမင်္ဂလာနဲ့ ပြည့်စုံတဲ့ မြင်ကွင်းကြီး တစ်ခု ဖြစ်မှာ ဖြစ်ပါတယ်။ဒါတွေကို အဖျက်အင်အားစုတွေ သဘောပေါက်အောင် မီဒီယာများက မီးမှောင်ထိုးပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ”ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

ခရစ်ယာန်ဘာသာမှ ကျောင်းထိုင်ဆရာတော်ကြီး သိက္ခာတော်ရ ရယ်လ်ဂျီနယ်လ် ဘန်နတ်သ် ကလည်း ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ အားလုံး တပြေးညီတည်း တစ်ပုံစံတည်း ဖြစ်ရေးကို လုံးဝလက်မခံပါဘူး။မတူညီတဲ့ အရောင်တွေ၊ ကွဲပြားမူတွေ ထဲက ရတဲ့စည်းလုံး ညီညွှတ်မူတွေက ပိုပြီး အားဖြစ်စေပါတယ်။တခါတုန်းက အရမ်းအေးတဲ့ ရွာကြီး တစ်ရွာမှာ ကလေးလေးတွေဟာ ဆောကစားနေကြတယ်။ မှောင်သွားတဲ့ အချိန်မှာ ကလေးလေးတွေဟာ အိမ်ပြန်သွားကြတယ်။ အဲဒီမှာ ကလေးမလေး တစ်ယောက် ကျန်ခဲ့တယ်။

ဒါနဲ့ ဘယ်သူ ဘယ်ပါရဲ့ သားသမီးကတော့ဖြင့် ပျောက်နေတယ် ဆိုပြီး ရွာသားတွေဟာ မီးတုတ်တွေနဲ့ လယ်ကွင်းထဲ ၀ိုင်းရှာကြတယ်။ တစ်နာရီလောက် ကြာသွားတယ် မတွေ့ဘူး။အဲဒီမှာ လူတစ်ယောက်က ဖြတ်သွားရင်းနဲ့ဘာဖြစ်လို့လဲ လို့မေးတယ်။ကလေး တစ်ယောက် ပျောက်နေလို့ရှာနေတာ ဆိုတော့ ဒီလို မရှာကြပါနဲ့။အားလုံး အတူ လက်တွဲပြီး ရှာကြပါလို့လှမ်းအော်ပြောတယ်။ 

ဒါနဲ့ အားလုံး စုစုစည်းစည်းနဲ့ တပြေးညီ လျှောက်ကာ လက်တွဲပြီး ရှာလိုက် ကြတာ  ငါးမိနစ်မကြာဘူး ကလေးလေးကို ယာထဲမှာ ခွေခွေလေး အသက်မရှိတော့ဘူး တွေ့သွားကြတယ်။ငါတို့တွေသာ တစ်နာရီလောက် စောပြီး ခုလို လက်တွေတွဲပြီး ရှာခဲ့ကြမယ်ဆိုရင် ဒီကလေးလေး သေမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒီပုံပြင်လေးဟာ ဘာကိုပြသလဲ ဆိုရင် လက်တွဲခြင်း၊ စည်းလုံးခြင်း၊ ညီညွှတ်ခြင်းက အောင်မြင်ခြင်း အသက်ရှင်ခြင်း ကိုပေးပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဟိန္ဒူဘာသာမှ ဆရာကြီးဦးအောင်နိုင်မှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ လူဆိုတာ စဉ်းစာဆင်ခြင် ဥာဏ်ရှိပါတယ်။ ဒီကိစ္စတွေ ဖြစ်နေတာဟာ သွေးထိုး လှုံဆော်မူတွေ ရှိနေပါတယ်။တမင် ဖန်တီးနေတာပါ။ ကျွန်တော်တို့တွေ ဆုတောင်းနေရုံနဲ့မလုံလောက်တော့ပါဘူး။ အထူးပြောချင်တာက အခု ကိစ္စသည် ပယောဂါကြောင့် မလိုလားအပ်သော ဘယ်ကမှန်း မသိသော ပုဂ္ဂိုလ်ရဲ့ လှုံဆော်မူကြောင့် ဖြစ်ပါတယ်။ဒါကို ကျွန်တော်တို့တွေက အားလုံး သဘောပေါက်ပြီး ရင်ဝယ်ပိုက်ထားပြီ ညီညီညွှတ်ညွှတ်နေကြဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

၈၈ကျောင်းသား အဖွဲ့ မှ ငြိမ်းချမ်းရေး စကားပြောကြားရာတွင် “ အသွင် ကူးပြောင်းရေး ကာလမှာ ဖျက်လို့ ဖျက်ဆီး လုပ်ချင်နေတဲ့ လူတစ်စု (သို့) အင်အားတစ်စုက စနစ်တကျ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတယ်ဆိုတာလည်း ကြွရောက်လာတဲ့ သူတွေလည်း အားလုံးသိပြီး ဖြစ်မှာပါ။ အခု နိုင်ငံတစ်ဝှမ်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဦးဆောင်ပြီး လှုပ်ရှားနေတဲ့ သူတွေကို ဒီနေရာကနေ ထပ်မံပြောချင်တာက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်၊ ပြင်းပြင်းထန်ထန် ရူံ့ချပါတယ် ”ဟုထည့်သွင်းပြောကြားခဲ့သည်။

ကဗျာဆရာ မင်းထင်ကိုကိုကြီးမှလည်း “မိထ္တီလာ အရေးခင်းကြီး မဖြစ်ခင်တုန်းက ဘယ်သူမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာတယ်။တဖြည်းဖြည်း တစ်နိုင်ငံလုံးက မြို့တွေမှာ အခုလို ဖြစ်တယ်။

ထိထိရောက်ရောက် ကာကွယ်တားဆီး တာမျိုး မရှိဘဲ ပြီးသွားရင် အဲဒီမြို့ ကို ၁၄၄ ထုတ်တယ်။လူသား တစ်ယောက် အနေနဲ့ လူတွေ အချင်းချင်း သတ်ဖြတ်ကုန်အောင်၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီး ကုန်အောင် ဘယ်လိုများ လုပ်နေကြလဲ ဆိုတာ ကျွန်တော်တို့ နှလုံးသားနဲ့ စဉ်းစားလို့တောင် မရဘူး။လူမျိုး တိုင်းရင်းသား အားဖြင့် ၁၃၅ မျိုး ကွဲပြားနေလိမ့်မယ်၊ ဘာသာအားဖြင့် လေးမျိုး ကွဲပြားနေလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံသား အဖြစ်ကတော့ အမြဲတမ်း တစ်ပဲ ဖြစ်နေဖို့ လိုပါတယ် ” ဟု ထည့်သွင်း ပြောကြားပြီး “ရယ်သံ မောသံမပါတဲ့ အခါ အသက်ရူရတာ မ၀တော့ဘူး”ဆိုသည့် ကဗျာ ရွတ်ဆို ခဲ့ကြောင်း သိရသည်။

ခရစ်ယာန်ဘာသာ လူငယ်များ ကိုယ်စား ကိုစည်သူမောင်မှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ကျွန်တော်ကတော့ လူမျိုးရေး ဘာသာရေး အထိကရုဏ်း မဖြစ်စေရ”ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ ပြန်ညွှန်းချင်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဟိန္ဒူဘာသာ လူငယ်များ ကိုယ်စား ကိုဘော်ဘီမှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “မိမိတို့ ဘာသာတိုင်း ဘာသာတိုင်းမှာ ဆိုဆုံးမ ထားတဲ့ အတိုင်း မိမိတို့ အားလုံးဟာ အဲဒီဆိုဆုံးမ မူကို နှလုံးသွင်း နာယူနိုင်ပြီးတော့ ကျင့်ကြံနိုင်ကြမယ် ဆိုရင် အားလုံးဟာ ငြိမ်းချမ်းသာယာတဲ့ ပြည်မြန်မာသစ်ဆီကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အစ္စလာမ်ဘာသာ လူငယ်များ ကိုယ်စား ကိုဇော်မင်းလတ်မှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ဗုဒ္ဓဘာသာမှ ညီနောင်များ၊ ခရစ်ယာန်ဘာသာမှ ညီနောင်များ၊ ဟိန္ဒူဘာသာမှ ညီနောင်များမှ ဦးစီး၍ အခုလို အခမ်းအနားကို ကျင်းပ ပေးတဲ့ အတွက် အစ္စလာမ် ဘာသာဝင်အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ တွေဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်မှာ နေခဲ့တာပါ။ဒီမြေမှာ မွေး၊ဒီမြေမှာ ကြီးပြီး၊ ဒီမြေမှာပဲ သေကြမယ့် သူတွေပါ ”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဆရာနေဘုန်းလတ်မှ “အခုလို ဒီပွဲကို ပြုလုပ်တဲ့ လူငယ်တွေ၊ဒီပွဲကို တက်ရောက်လာတဲ့ သူတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်မူကို ရွံ့မုန်းပြီး အေးအေးချမ်းချမ်း နေချင်ကြတယ် ဆိုတာ ပေါ်ပေါ်လွင်လွင် ဖြစ်တဲ့ သဘောပါပဲ။ လူတစ်ယောက်က ပြစ်မူ ကျူးလွန်ရင် ဒီလူဟာ ဗုဒ္ဓဘာသာပဲ၊ ဒီလူက အစ္စလာမ်ပဲ ဆိုတဲ့ သဘောတရားကို ထည့်စဉ်းစား စရာမလိုပါဘူး။ 

 မကောင်းမူ ကျူးလွန်ရင် ဒီလူက မကောင်းမူ ကျူးလွန်တဲ့ သူပဲပေါ့။ ဒီလူက ဘာ ဘာသာလဲဆိုတာကို နောက်ထပ်မေးခွန်း တစ်ခုဆီရောက်သွားတဲ့ အခါကြတော့ မလိုလားအပ်တဲ့ ဒီဘာသာက ကျူးလွန်တယ် ဆိုတာ မျိုးထိ ရောက်သွားတယ်။ဒီဘာသာတွေက အမှန်တော့ ကျူးလွန်နေတာ မဟုတ်ဘူး။ အဲဒီ လူတွေက ကျူးလွန်နေတာပါ။ အမုန်းတရားကိုလည်း အမုန်းနဲ့ ပြန်တုံ့ပြန်မယ် ဆိုရင် ဒီအမုန်း သံသရာကြီး ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။

သေချာ လေ့လာပါ ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို ဦးစားပေးတဲ့ သာသနာဖြစ်တယ်။အမျိုး ဘာသာ သာသနာကို တကယ် ချစ်မြတ်နိုးတယ် ဆိုရင်  ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ အနိမ့်ဆုံး ငါးပါး သီလကို လုံ့အောင် ထိန်းကြပါ။ 

ပါဏာတိ ပါတာကံ ဆိုတာ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ မဆို ကျူးလွန် ကျူးလွန်  ပါဏာတိ ပါတာကံထိုက်တာပါပဲ။ ချွင်းချက် ဆိုတာ မရှိပါဘူး။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မယ် ဆိုတဲ့ စိတ်နဲ့ လူသတ်လည်း အဲဒီလူက လူ့သတ်သမားပဲ။ အဲဒါ မျိုးတွေ မလုပ်ပါနဲ့။
လူငယ်တွေ အနေနဲ့  ဗုဒ္ဓဘာသာကို မိရိုးဖလာ ကိုးကွယ် ယုံကြည်တာမျိုး မဟုတ်ဘဲ ဘာသာရေးရဲ့ တကယ့် အနှစ်သာရကို လေ့လာစေချင်တယ်။လေ့လာပြီး နှလုံးသွင်းနိုင်မယ် ဆိုရင် ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ပါ။တကယ့် ဗုဒ္ဓဘာသာ အစစ်တစ်ယောက်ဆိုရင် အဲလို အကြမ်းဖက်မူတွေကို ဘယ်တော့မှ မကျူးလွန်ဘူး ”ဟု M-Media သို့ပြောကြားခဲ့သည်။

တက်ရောက် လာသူများထဲက ဒေါပုံမြို့နယ်တွင် နေထိုင်သူ ကိုသက်ပိုင် မှ“ကျွန်တော်တို့ ဗုဒ္ဒဘာသာကပဲ မေတ္တာတရားကို ပြောထားတာ မဟုတ်ပါဘူး၊ ဘာသာတရားတိုင်းက မေတ္တာတရားကို ညွှန်ပြထားတာပါ။ အခုလို မဖြစ်သင့်တာတွေ ဖြစ်ပွားခဲ့တာကြောင့် လူမူရေးရော၊ စီးပွားရေးရော အကုန်လုံး ထိခိုက်တဲ့ အတွက် ၀မ်းနည်းကြေကွဲ ရပါတယ်။

ကျွန်တော်နေတဲ့ ရပ်ကွက်မှာ ဆိုရင် အစ္စလာမ်ဘာသာဝင် အများစု နေထိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ရပ်ကွက်တည်း အတူနေကြတယ်၊ စာသင်ကျောင်း တစ်ကျောင်းထဲမှာ အတူစာသင်ခဲ့ကြတယ် ဆိုတော့ ညီအကိုလို ဖြစ်နေကြပါတယ်။ကျွန်တော်တို့ ရပ်ကွက်ထဲကိုလည်း ဒီအကြမ်းဖက်တွေ ၀င်မလာနိုင်အောင် ဘာသာပေါင်းစုံ လူငယ်တွေ တိုင်တိုင်ပင်ပင်ကြိုးစား နေကြရပါတယ်။ 

ဒီအကြမ်းဖက်မူတွေကြောင့် လတ်တလော ဘာဆိုကျိုးတွေ ရသလဲဆိုရင် ဈေးဆိုင်တွေ၊ ညဘက် တက္ကဆီမောင်းပြီး ၀မ်းဆာရှာရသူတွေ အတွက် သူတို့ရဲ့ စီးပွားရေးတွေ ထိခိုက်မူတွေ ရှိတဲ့ အတွက် စိတ်ထဲ မကောင်းဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။

M-Media, Rangonnewsdaily
Kolatt(PBDN):29.3.2013 

0 comments:

Post a Comment