Pages

Monday, March 11, 2013

ယာဉ်မောင်းလိုင်စင်လျှောက်ထားရာ၌ ကျရှုံးသူများနေကြောင်း သိရ



ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယခင်ကထက် အခက်အခဲများ ရှိလာသည့်အတွက် လွယ်လွယ်ကူကူ လိုင်စင်ရရှိသူဦးရေ နည်းလာကြောင်း လိုင်စင်ဖြေဆိုသူများ ထံက သိရသည်။
 ``အခု ယာဉ်မောင်းလိုင်စင်လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေ လည်း များလာတယ်။ ပျမ်းမျှအယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေးပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့ ပိုပြီး တင်းကြပ်လာတာလည်း ပါတယ်´´ဟု ကျော်စိန်လင်း(စစ်ဆေးရေးမှူး ၂) က ပြောသည်။


၂၀၁၁ ခုနှစ် မတိုင်မီကာလအထိ တစ်ရက်လျှင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၈၀) မှ(၁၀၀) ၀န်းကျင်ရှိသော်လည်း ယခုအချိန်တွင် တစ်ရက် ပျမ်းမျှ (၁၅၀)မှ (၂၀၀) အတွင်း မြင့်တက်လာကြောင်း က.ည.န(ရွာသာကြီး)မှ သိရသည်။
 
`` ကျွန်တော် ဒီမှာ လာဖြေတာ သုံးခေါက်ရှိပြီ။ အခုတစ်ခေါက်လည်း ကျတယ်။ အခုတစ်ခေါက်က Simulator စာမေးပွဲမှာ ကျတာ၊လက်တွေ့ ဂိမ်းနဲ့ ကားမောင်းရတဲ့ ပုံစံမျိုးပေါ့၊  ´´ ဟု က.ည.န( ရွာသာကြီး)တွင် လာရောက်ဖြေဆိုသူ ကိုဇင်ဖြိုးက ပြောသည်။
 
ထပ်မံတိုးလာသော ဖြေဆိုနည်းမှာ Simulator စာမေးပွဲဖြစ်ပြီး အဆိုပါ စာမေးပွဲမှာ လက်တွေ့မောင်းနှင် ရသည့်ဂိမ်းတစ်မျိုးဖြစ်ပြီး ၁၀ မှတ်ပေးထားရာ ၆ မှတ်ရ လျှင် အောင်မြင်ကြောင်း သိရသည်။
 
အထူးသဖြင့် ၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်သူဦးရေ တိုးတက်လာပြီး (င) လိုင်စင်ပြုလုပ်သူ အထူးများပြား လာကြောင်း သိရသည်။ စာမေးပွဲ အောင်မြင်သူများတွင်လည်း (င) လိုင်စင် ပြုလုပ်သူများသည် အအောင် များကြောင်း သိရသည်။
 
`` ဒီမှာ လာဖြေတဲ့သူ အများစုက လက်တွေ့တွေမှာ အောင်ကြတယ်။ ဒါပေမဲ့ စာတွေ့မှာ ကျကြတာများတယ်။ လာဖြေတဲ့သူတွက လက်တွေ့ကို အားစိုက်ကြပြီး စာဖတ်အားနည်းပုံရတယ်´´ဟု က.ည.န (ရွာသာကြီး) စစ်ဆေးရေးမှူးများ က ပြောသည်။
 
မြန်မာနိုင်ငံတွင်း နောက်ပိုင်း ကုမ္မဏီများမှ အလုပ်များခေါ်ယူရာတွင် ယာဉ်မောင်း တတ်မှုမှာ တစ်ဘမ်းသာသည့်အတွက် အလုပ်လျှောက်သည့်အခါ အဆင်ပြေစေရန် ယာဉ်မောင်းလိုင်စင်လာရောက် ဖြေဆိုကြခြင်း ဖြစ်ကြောင်း လာရောက်ဖြေဆိုသူ အများစုက ဆိုသည်။
 
 ``  င လိုင်စင်ဖြေတဲ့သူတွေကျတော့ လုပ်ငန်းအတွက် လာဖြေကြတာ ဆိုတော့ နောက်တစ်ခေါက် ထပ်ဖြေဖို့ အချိန် မရှိကြတော့ တစ်ခါတည်း အောင်ဖို့ ကြိုးစားပြီး ဖြေကြ တယ်၊ ဒါပေမဲ့ ခ လိုင်စင်ကျတော့  သူဌေးတွေ လာဖြေကြတာ များတယ်၊အိမ်မှာ ကားရှိလို့သာ လာဖြေကြတာ၊ စာတွေ့ရော လက်တွေ့  ရော လေ့လာမှု အားနည်းတယ်၊ ပေါ့တီးပေါ့လျှံနဲ့ အများစုက ဘာမှလည်း မသိကြဘူး´´ ဟု စာမေးပွဲစစ်ဆေးရေးမှူး တစ်ဦးက ပြောသည်။
 
၂၀၁၁ ခုနှစ် နောက်ပိုင်း ကားတင်သွင်းခွင့်များ သက်ဆိုင်ရာမှ လျှော့ချခဲ့ပြီးနောက် ရန်ကုန်မြို့အတွင်း ကားအစီးရေ တစ်သိန်းနီးပါး မြင့်တက်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
 
ထိုကဲ့သို့ ကားအစီးရေတိုးလာသည့် အလျောက် ယာဉ်မောင်းလိုင်စင် ပြုလုပ်သူ ဦးရေမြင့် တက်လာခြင်းဖြစ်ကြောင်း က.ည.န (ရွာသာကြီး)မှ သိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Rangonnewsdaily
RND:  :11.3.2013

0 comments:

Post a Comment