Pages

Sunday, February 24, 2013

M.V Harita Bauxite သင်္ဘောနစ်မြုပ်ရာတွင် ပျောက်ဆုံး မြန်မာသင်္ဘောသား ၁၄ ဦးကို ရှာဖွေမှုရပ်ဆိုင်း

M.V Harita Bauxite သင်္ဘော နစ်မြုပ်ရာတွင် ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား ၁၄ ဦးကို ရှာဖွေမှု ရပ်ဆိုင်းလိုက်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ (SECD) မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ပြောသည်။

"ပျောက်ဆုံးသင်္ဘောသားတွေ ရှာဖွေမှုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းကတည်းက ရပ်လိုက်ပါပြီ။ အသက်ရှင်ကျန်နေတဲ့ သင်္ဘောသားကိုးဦးကို မနီလာမြို့က Executive Blaza ဟိုတယ်မှာ ခေတ္တထားရှိပါတယ်။ ရေကြောင်းဌာနတွေနဲ့ နိုင်ငံခြားအာမခံ ကုမ္ပဏီက လိုအပ်တဲ့ မေးမြန်းမှုတွေ လုပ်နိုင်ဖို့ပါ" ဟု (SECD) မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ဆိုသည်။

ပနားမားနိုင်ငံအလံ လွှင့်ထူထားသော၊ စင်ကာပူနိုင်ငံ SIAN SEA  RAY ကုမ္ပဏီပိုင် တန်ချိန် ၃၀၂၂၈ ခန့်ရှိ M.V Harita Bauxite သင်္ဘောမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ဦးတည်မောင်းနှင်လာစဉ် ဖိလစ်ပိုင်ကမ်းရိုးတန်း၊ ဘိုလီနာအိုမြို့အနီးတွင် နစ်မြုပ်ခဲ့သည်။ 

အဆိုပါ သင်္ဘောနစ်မြုပ်မှုတွင် သင်္ဘောသားတစ်ဦး သေဆုံးခဲ့ရာ ထိုသေဆုံးသင်္ဘောသား၏ ဈာပနကို ဖေဖော်ဝါရီ ၂၂ ရက်က မနီလာမြို့တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် သင်္ဘောသားကိုးဦးကို ကယ်တင်နိုင်ခဲ့ကာ ကျန် ၁၄ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ 

ယခုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး အသက်ရှင်ကျန်ရစ်သူများမှာ ကိုယ်ပိုင်ပစ္စည်း ဆုံးရှုံးမှုကြောင့် သင်္ဘောကုမ္ပဏီဖြင့် ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များအတိုင်း လျော်ကြေးငွေ ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် သင်္ဘောသားများသည် ဆေးကုသခွင့်နှင့် ဆေးခွင့်လစာခံစားခွင့်များ ရရှိမည်ဖြစ်သည့်အပြင် ဒဏ်ရာရရှိမှု အခြေအနေအလိုက် စာချုပ်ပါအတိုင်း လျော်ကြေးငွေများ ရရှိမည်ဟု သိရသည်။

ယခုပျောက်ဆုံးသင်္ဘောသားများကိုမူ တစ်နှစ်ပြည့်မြောက်သည့် အချိန်တွင် သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီမှ သေဆုံးသူအဖြစ် သတ်မှတ်ပြီး သေဆုံးလျော်ကြေးပေးမည်ဖြစ်ကာ မြန်မာ့အာမခံ လုပ်ငန်းသည် ပျောက်ဆုံးချိန်ကာလ နှစ်နှစ်ပြည့်မှသာ သေဆုံးလျော်ကြေး ပေးမည်ဖြစ်သည်။


RND: 24.2.2013
Eleven Media Group:

0 comments:

Post a Comment